Tuesday, May 29, 2018

ဒေါက်တာအေးမောင် စစ်တွေဆေးရုံတွင် ဆေးစစ်


နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် မေလ ၂၈ ရက် နံနက်က စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် ဆေးစစ်မှုခံယူခဲ့သည်။

“သူက ခါးနာလို့လာပြတာ ကျွန်တော်က ဓာတ်မှန်ရိုက်ကြည့်လိုက်တော့ အရင်ကတည်းက ဖြစ်နေတဲ့ရောဂါ ရန်ကုန်မှာတောင်ပြဖူးတယ်၊ ရောဂါက ဒီအတိုင်းပဲ ပိုလည်းဆိုးမသွားဘူး”ဟု စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အရိုး၊ အကြော၊ အဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာသီဟဇော်က ပြောသည်။



ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဧပြီလ ၁၈ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ရာ၌ ဒေါက်တာအေးမောင်က သွေးတိုးရောဂါနှင့် အရိုးကျီးပေါင်းရောဂါတို့ ပြန်လည်ဖြစ်ပေါ်လာသည့်အတွက် အရိုးအထူးကုဆရာဝန်များနှင့် ကုသခံယူလိုကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။ 



ဒေါက်တာအေးမောင်သည် ခါးနာသည့်ရောဂါဖြစ်ပေါ်လာသဖြင့် ဆေးကုသ စစ်ဆေးခံယူရန် တောင်းဆိုထားသည်မှာ တစ်လနီးပါး ကြာမြင့်ပြီဖြစ်ကြောင်း မိသားစုဝင်များက ဆိုကြသည်။



လက်ရှိတွင် ဒေါက်တာအေးမောင်အား စွဲဆိုထားသော အမှုသုံးမှုအား ချေဖျက်ပေးရန် ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် ၎င်း၏ရှေ့နေများက လျှောက်လဲချက် တင်ပြထားပြီး မေလ ၃၀ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားသည်။ 



ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ရသေ့တောင်မြို့၌ ဇန်နဝါရီလ ၁၅ ရက်နေ့က စာပေဟောပြောမှုနှင့် ပတ်သက်၍ နိုင်ငံတော်ပုန်ကန် သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် ဖမ်းဆီးကာ တရားစွဲဆိုထားသည်။



The Voice


0 comments:

Post a Comment