Wednesday, May 30, 2018

ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံး၏ ကြော်ငြာဖုန်းခေါ်ဆိုမှု ပိုများလာခြင်းကြောင့် သုံးစွဲသူများ စိတ်အနှောင့်အယှက်ဖြစ်ရမှုအပေါ် ဝေဖန်


ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံး၏ ကြော်ငြာဖုန်းခေါ်ဆိုမှု ပိုများလာခြင်းကြောင့် သုံးစွဲသူများ စိတ်အနှောင့်အယှက်ဖြစ်ကြရပြီး ဈေးကွက်အတွင်း ဝေဖန်မှုများစွာ ရှိနေကြောင်း သိရသည်။

ယခင်က အဆိုပါ ကြော်ငြာဖုန်းများမှာ နံပါတ်သုံးလုံး၊ လေးလုံးဂဏန်းများဖြင့် ၀င်လာတတ်ပြီး ယခုနောက်ပိုင်းတွင် နံပါတ်ငါးလုံးဂဏန်းဖြင့် ၀င်ရောက်တတ်ကြောင်း သုံးစွဲသူများကဆိုသည်။

ယခင်ကတည်းကပင် သုံးစွဲသူများအနေဖြင့် မက်ဆေ့ခ်ျကြော်ငြာများကြောင့် စိတ်ရှုပ်ထွေးစရာများ ကြုံတွေ့ရပြီး ဖုန်းခေါ်ဆိုသော ကြော်ငြာများကို ဆက်တိုက်ကြုံတွေ့ရချိန်တွင် အလွန်စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း သုံးစွဲသူများက ပြောကြားခဲ့ကြသည်။ ယင်းမှာ အော်ပရေတာတစ်ခုတည်း မကဘဲ အော်ပရေတာနှစ်ခု၊ သုံးခု၏ ၀န်ဆောင်မှုများကို ရယူသုံးစွဲသူများ အနေဖြင့် ပိုမိုကြုံတွေ့ရပြီး ပိုမိုစိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း သိရသည်။

“ပြောရရင် ဖုန်းခေါ်ဆိုတဲ့ ကြော်ငြာတွေက အဆိုးဆုံးပါပဲ။ မက်ဆေ့ခ်ျဆိုရင်တောင် ချက်ချင်းမကြည့်ဘဲ နောက်မှကြည့်မယ် လုပ်လို့ရသေးတယ်။ ဖုန်းဝင်လာပြီဆိုရင် လူကမအားမလပ် ဖြစ်နေတာတောင် တကူးတက ကိုင်ရတာမျိုးလေ။ အဲဒီလိုမျိုး သွားကိုင်တော့မှ ကြော်ငြာဖုန်းဆိုပြီး သိရရင် ဒေါသထွက်ရတယ်။ ဘာမှလုပ်လို့လည်း မရဘူး။ ဖုန်းချပစ်လိုက်တာပဲ တတ်နိုင်တယ်” ဟု အော်ပရေတာနှစ်ခု၏ ၀န်ဆောင်မှုကိုသုံးစွဲသူ ကိုအောင်မျိုးထိုက်က ပြောကြားသည်။

“ဒီလိုကြော်ငြာမက်ဆေ့ခ်ျတွေကြောင့် တိုင်ကြားမှုတွေတော့ မရှိပါဘူး။ ဒါတွေ ၀င်မလာစေချင်ရင် သူတို့ရဲ့ Call Center တွေကိုခေါ်ဆိုပြီး နောက်တစ်ခါ ထပ်မပို့အောင် တောင်းဆိုလို့ရပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ယခုနောက်ပိုင်း မက်ဆေ့ခ်ျ ကြော်ငြာများမှာလည်း ပိုများလာသောကြောင့် သုံးစွဲသူများအနေဖြင့် ယင်းအပေါ်တွင် စိတ်မသက်မသာ ဖြစ်ရကြောင်း သိရသည်။

“အခုဖြစ်နေတာက မက်ဆေ့ခ်ျ တစ်ခုခု ၀င်လာရင်၊ ဖုန်းခေါ်ဆိုမှုတစ်ခုခု ၀င်လာရင် ကိုယ်ရေးကိုယ်တာ ကိစ္စလား။ ကြော်ငြာတွေလားဆိုတာ ခွဲခြားမရဘူး ဖြစ်လာတယ်။ ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ရင် သိတယ်ဆိုပေမယ့် အခါခပ်သိမ်းဖုန်းကိုကြည့်ဖို့ အဆင်ပြေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ Notification အသံကို နားထောင်ပြီးတော့ ဖြစ်ဖြစ်၊ ဖုန်း Ringtone သံကို နားထောင်ပြီးတော့ဖြစ်ဖြစ် တကူးတက ဖုန်းကိုင်ရတဲ့အခါမျိုးတွေလည်း ရှိတယ်။ ဒါက သက်သက်ဒုက္ခပေးနေသလိုမျိုးပဲ ခံစားရတယ်” ဟု သုံးစွဲသူတစ်ဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ဆက်သွယ်ရေး အော်ပရေတာတစ်ခု၏ အင်တာနက် ၀န်ဆောင်မှုများအတွက် မက်ဆေ့ခ်ျကြော်ငြာများမှာ တစ်ရက်လျှင် ငါးခုမှ ၁၀ ခုကြား ပေးပို့ကြော်ငြာခြင်းများ ရှိနေကြောင်း သိရသည်။

ယင်းကြော်ငြာမက်ဆေ့ခ်ျများကို တစ်ခုချင်းစီ သီးခြားဟန့်တားနိုင်ရန် မဖြစ်နိုင်ကြောင်း၊ အော်ပရေတာတစ်ခုထံမှ မက်ဆေ့ခ်ျအားလုံး မ၀င်ရောက်လာစေရန်မူ ဟန့်တားနိုင်ကြောင်း၊ ဖုန်းခေါ်ဆိုမှုများကို ကန့်သတ်ဟန့်တားရန် သီးခြား Black List ဆော့ဖ်ဝဲများကို အသုံးပြုနိုင်ကြောင်း အော်ပရေတာအချို့ထံမှ သိရသည်။

“ရန်ကုန်တိုင်းမှာတော့ ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားတာမျိုးတော့ မရှိသေးပါဘူး။ ဟန်းဆက်ဝယ်တဲ့အခါမှာ အဆင်မပြေဖြစ်ပြီး တိုင်တာမျိုးတော့ ရှိပါတယ်” ဟု CICC (ရန်ကုန်တိုင်းဒေသကြီး) မှတာဝန်ရှိသူက ပြောကြားသည်။

UN Guidelines အရ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးရှစ်ရပ်မှာ စားသုံးသူများ ကုန်စည်နှင့် ၀န်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ မှန်ကန် ပြည့်စုံသော သတင်းအချက်အလက်များ ရရှိစေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ရရှိစေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်ရရှိစေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မှုများကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများကို ကုစားခွင့်ရရှိစေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာများ၊ အခွင့်အရေးနှင့် အချက်အလက်များကို သိရှိလေ့လာခွင့် ရရှိစေရေး၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နေထိုင်ခွင့် ရရှိစေရေးစသည်တို့ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း
Eleven Media Group

0 comments:

Post a Comment