Monday, May 28, 2018

လားရှိုးမြို့နယ်၊ ပန်လော့ ကျေးရွာအနီး လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် မေ ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ပန်ဝကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ၏ မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် တဲနှစ်လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်စစ်ဆေးရာ တဲအတွင်းမှ အရပ်ဝတ်ဖြင့် လူခြောက်ဦးသည် အနောက် မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး တဲများအနီးရှိ ဒေါင်ဖန်းဖောယာဉ် တစ်စီးပေါ်တွင် ရှိနေသည့် အောင်မြတ်(ဘ)ဦးရန်အဲန်ကို ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် တဲများအတွင်း ဝင်ရောက်စစ်ဆေးရာ ပွိုင့်-၂၂ မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ၎င်းကျည်အိမ်တစ်ခုနှင့် ၎င်းကျည်ရှစ်တောင့်၊ အမ်-၂၂ ကျည် ၄၃ တောင့်၊ ၎င်းကျည်အိမ်သုံးခု၊ လက်ပစ်ဗုံးတစ်လုံး၊ Equipment တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ၄ ပေ အရှည်ရှိ ဂက်စ်အိုးအကြီး ၃၈ လုံး၊ ဂက်စ်အိုးအလတ် ၃၄ လုံးနှင့် ၃ ပေအရှည်ရှိ ဂက်စ်အိုးအသေး ၁၉ လုံး၊ ငါးဂါလန်ဆံ့ အက်စစ်ပုံး ၅၁ ပုံး၊ သံဇလားသုံးခု၊ မွှေစက်တစ်လုံး၊ Costic Sodar ၆၅ အိတ်၊ အလေးချိန် ၁ဝ ပိဿာခန့်ရှိ ဓာတုဗေဒပစ္စည်းများ ထည့်ထားသော ဆာလာအိတ် ၈၄ အိတ်၊ ဓာတုချွတ်ဆေးတစ်ထုပ်၊ ဓာတ်ခွဲခန်းသုံး ခေါင်းစွပ်လေးခုနှင့် အခြား ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိ သူအား လားရှိုးမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment