Thursday, May 31, 2018

လစ်လပ်နေသည့် မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီးနေရာကို စီမံဘဏ္ဍာဝန်ကြီးအား ပူးတွဲတာဝန်ပေးအပ်


မွန်ပြည်နယ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ၄င်း၏ သဘောဆန္ဒအရ နိုင်ငံတော်သမ္မတရုံးမှ တရားဝင်နုတ်ထွက်ခွင့်ပြုပြီးနောက် လစ်လပ်နေသည့်ယင်းနေရာကို လက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်လွင်အား ပူးတွဲတာဝန်ထမ်းဆောင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က မေလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လုပ်ငန်းလိုအပ်ချက်အရ ၀န်ကြီးရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်လည်း ပြင်ဆင်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဦးမင်းထင်အောင်ဟန်သည် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် အမတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကိုယ်စားပြု၍ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူဖြစ်သည်။

လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီး အသစ်ကို လာမည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခန့်အပ်သွားမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ယင်းသို့ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်း ၀န်ကြီးအဆင့် နုတ်ထွက်ခြင်းသည် ၀န်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးပြီးနောက် ဒုတိယအကြိမ်မြောက် ၀န်ကြီးတစ်ဦးနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

Popular News Journal

0 comments:

Post a Comment