Wednesday, May 30, 2018

အကြွေနှင့် အတုလုပ်နိုင်ခြေများသည့် ငွေစက္ကူများ၌ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ထုတ်ဝေရန် ဆွေးနွေး


လူအသုံးပြုမှုများသည့် အကြွေ (တန်ဖိုးနည်းငွေစက္ကူ) များနှင့် အတုလုပ်နိုင်ခြေများသည့် ငွေကြေးများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

ဗိုလ်ချုပ်ပိုက်ဆံကို ငွေတန်ဖိုးအသစ်ဖြင့် ထပ်မံ ထုတ်ဝေမည်မဟုတ်ဘဲ ဟောင်းနွမ်းငွေကြေးများ လဲလှယ်သည့်အခါ အသစ်ပြန်လည်ထုတ်ပေးမည့် ငွေစက္ကူများတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

“ငွေကြေးက အတန်ကြီးထုတ်မှာလားဆိုတော့ မဟုတ်ဘူး။ လူတွေ အသုံးများတဲ့ အကြွေတွေမှာ လုပ်ဖို့လည်း ဆွေးနွေးနေတုန်းပဲ။ အတိအကျကတော့ မထွက်သေးဘူး။ အဓိကက ငွေကြေးဖောင်းပွမှု မဖြစ်စေဖို့အတွက်ရယ်၊ တခြားစဉ်းစားတဲ့ နည်းတွေလည်း အများကြီး ရှိတဲ့အတွက် ငွေကြေးအဟောင်း အစုတ်တွေလဲတဲ့နေရာကနေ တဖြည်းဖြည်းချင်း ထုတ်ပေးသွားမယ်”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို လက်ရှိအစိုးရသက်တမ်းအတွင်း ထုတ်ဝေနိုင်ရန်စီစဉ်လျက်ရှိပြီး လတ်တလောတွင်မူ ဝါဇီစက်ရုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ ထုတ်ဝေမည့်အချိန်ကို အတိအကျ မပြောနိုင်ခြင်းမှာ ငွေစက္ကူ လုံခြုံရေး အခြေအနေကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

လက်ရှိအချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူအဟောင်းများကို သိမ်းဆည်းလို၍ ဝယ်ယူကြသူများမှာ မြန်မာနိုင်ငံသားများ သာမက နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း၊ ဗိုလ်ချုပ်ပိုက်ဆံ ၁၀၀ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၂၅ ကျပ်တန် များကို အတွဲလိုက်စီတန်းကာ တစ်တွဲလျှင် ကျပ် ၃၀၀၀ နှင့် ၃၅၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း ဗိုလ်ချုပ်ပိုက်ဆံ အကြွေစေ့နှင့် ရှေးဟောင်းပစ္စည်း ရောင်းဝယ်သည့် ဆိုင်များထံမှ သိရသည်။

ဧပြီလကုန်ပိုင်းတွင် စတင်ရောင်းချသည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်မတ်သား ရွှေဒင်္ဂါးပြားများလည်း ရန်ကုန်ဈေးကွက်အတွင်း လူကြိုက်များ အရောင်း အဝယ်ကောင်းကြောင်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းများထံမှ သိရသည်။

ယနေ့ခေတ်အချိန်သည် ငွေစက္ကူကိုင်ခြင်းထက် ကတ်စနစ်များဖြင့် ငွေပေးချေခြင်းမှာ ပိုမိုအားကောင်းလာသည့်အတွက် ငွေကုန်ကြေးကျခံကာ ဗိုလ်ချုပ်ပုံများဖြင့် ငွေစက္ကူ မထုတ်လုပ်သင့်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထုတ်ဝေရန်အဆိုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။

The Voice

0 comments:

Post a Comment