Wednesday, May 30, 2018

ကုန်းတွင်းမုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အားလျော့ခဲ့ပြီး ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့ တစ်ရက်ခန့် မိုးကြီးနိုင်


ကုန်းတွင်းမုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အားလျော့ခဲ့ပြီး ယင်းအရှိန်ကြောင့် တစ်ရက်ခန့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးကြီးဦးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် မေ ၃၀ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ကုန်းတွင်းမုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မေ ၃၀ ရက် မွန်းလွဲပိုင်းမှ စတင်ကာ နောက် ၂၄ နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးကြီးခြင်းနှင့်အတူ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်နှင့် ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ရန် မိုးဇလမှ ထုတ်ပြန်ထားသည်။

မေ ၃၀ ရက်သည် ရွာသွန်းခဲ့သည့် မိုးကြောင့် မြို့ငါးမြို့တွင် စံချိန်တင်ခဲ့ကြောင်း၊ ညောင်ဦးမြို့တွင် ၄ ဒသမ၂၉ လက်မ၊ ပခုက္ကူမြို့တွင် ၃ ဒသမ ၅၄ လက်မ၊ ဆင်ဖြူကျွန်းမြို့တွင် ၃ ဒသမ ၈၂ လက်မ၊ အမ်းမြို့တွင် ၆ ဒသမ ၀၆ လက်မ၊ တောင်ကုတ်မြို့တွင် ၆ ဒသမ ၂၂ လက်မစီ စံချိန်တင် ရွာသွန်းခဲ့ကြောင်း သိရသည်။

မေ ၂၉ ရက် ညပိုင်းက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသော မုန်တိုင်းငယ်သည် အမ်းမြို့သို့ဝင်ရောက်ခဲ့ကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့ပြီး ထိုမှတစ်ဆင့် လေဖိအားနည်းရပ်ဝန်း အဆင့်သို့ အားလျော့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေ ၂၉ ရက်တွင် မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ပြည်နယ်တို့တွင် လေပြင်းများ တိုက်ခတ်ခဲ့ကာ အိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး လူအသေအပျာက်များလည်း ရှိခဲ့ကြောင်း သိရသည်။

ဆန်းထူးအောင်
Eleven Media Group

0 comments:

Post a Comment