Thursday, May 31, 2018

ကျူရှင်စနစ်ပေါ်ပေါက်ရခြင်း အဓိကမှာ မိဘများဖြစ်ပြီး မိဘများကိုယ်တိုင်က ကလေးများကို ကျူရှင်မထားရန် လိုအပ်ဟုဆို


ကျူရှင် စနစ်ပေါ်ပေါက်ခြင်း အဓိကမှာ မိဘများကြောင့်ဖြစ်ပြီး မိဘများကိုယ်တိုင် က ကလေးငယ်များကို ကျူရှင်မထားရန် လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ အငြိမ်းစားအရာထမ်း စာရေးဆရာ ဦးကြည်သန်း က မေလ ၃၀ ရက်တွင် ပြောသည်။

KG တန်းကိုပင် ကျူရှင် ထားမှုများ ရှိနေပြီး အချို့သော မိဘများမှာ ဆရာမ ထားခိုင်းသည်ဟု အကြောင်းပြကြောင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျူရှင်စနစ် လျော့နည်းပပျောက်အောင် ဆောင်ရွက်နေချိန်တွင် မိဘများကိုယ်တိုင်က ပူးပေါင်းပါဝင်သင့် ဟု ၄င်းက ပြောသည်။ 

’’ကျူရှင်စနစ်မှာ အဓိက တာဝန်ရှိတာ မိဘပဲ။ နောက်တစ်ပိုင်းက ဆရာတွေကို သူတို့စားဝတ်နေရေး ဖူလုံဖို့ ထောက်ပံ့ကြေးတစ်ခုခု နိုင်ငံတော်က စီမံပေးရင် ဒါ အဆင်ပြေနိုင်တယ်။ အခုက ကျူရှင်မသင်ရဘူးဆိုတယ်။ ဆရာ ကလည်း စားဝတ်နေရေးအရ သင်တယ်။ အချို့ မိဘတွေက အကြောင်းပြတယ်။ ဆရာက ထားခိုင်းတာ ဆရာမက ထားခိုင်းတာ။ ဒါဆရာ က သင်ဖို့ပြောရင်တောင် မထားရဘူး။  ဒါကို အတင်းထားခိုင်းရင် ပညာရေးဝန်ကြီး ဌာနက အရေးယူမှာဘဲ။ အဓိက ကလေးတွေကို မိဘတွေက ကျူရှင်ထားပြီး စာတော်တာ ပြိုင်ခိုင်းတာကို ဖျောက်ဖို့လိုတယ်’’ ဟုဆရာဦးကြည်သန်းက ပြောသည်။

ယခင်၂၀၁၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ ဆရာ၊ဆရာမများ ကျူရှင်လုံးဝမသင်ရန် လတ်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရပြီး အချို့သောမိဘများမှာ ဆရာအား လိုက်လံစည်းရုံးကာ နေအိမ်တွင် အခကြေးငွေဖြင့် စာသင်ခိုင်းကြောင်း သိရသည်။

ယခုကဲ့သို့ ကျူရှင်သင်ခြင်းသည် ဆရာများ အတွက် ရာဇ၀တ်မှု မဟုတ်ကြောင်း ၊ ဆရာများ အနေဖြင့် ကျောင်းချိန်ပြင်ပတွင် လွတ်လပ်စွာ မိမိပညာဖြင့် အသက်မွေးကျောင်းပြုနိုင်ကြောင်း၊ သို့သော် အခြေခံပညာကျောင်းများတွင် မိမိ သင်ခန်းစာကိုလည်း ကလေးများ တတ်မြောက် နားလည်အောင် သင်ကြားရန် လိုအပ်ကြောင်း မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်က လည်း ၄င်းအမြင်အား ဆိုသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment