Tuesday, May 29, 2018

ကျိုင်းတုံအကျဉ်းထောင်ရှိ ထိုင်းအကျဉ်းသားများကို ထိုင်းသံအမတ် လာတွေ့


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အကျဉ်းထောင်၌ အကျဉ်းကျနေသော ထိုင်းနိုင်ငံသားများကို မေလ ၂၈ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့က လာရောက်တွေ့ဆုံခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်ဝန်ထမ်းများထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး HE Mr.Jukr Boon Long ဦးဆောင်သည့် အဖွဲ့ဝင်ရှစ်ဦးသည် နှစ်နိုင်ငံ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ကျိုင်းတုံအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို လာရောက်တွေ့ဆုံခြင်း အပါအဝင် ပညာရေးနှင့်ကျန်းမာရေးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) စိုးဝင်းက ပြောကြားသည်။

“တီချယ်ကြီးတို့ကိုတော့ မနက်ဖြန် (မေ ၂၉) မနက်မှာ လာရောက်တွေ့ဆုံမယ်၊ ထိုင်းမယ်ဖလုံးတက္ကသိုလ်နဲ့က တရားဝင်ချိတ်ဆက်ဆောင်ရွက်ဖို့ ညှိနှိုင်းနေတာဆိုတော့ တက္ကသိုလ်ရဲ့ လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးချင်တယ်လို့ သိရတယ်”ဟု ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ဆိုသည်။

ထိုင်းသံအမတ်အဖွဲ့က ကျိုင်းတုံ အကျဉ်းထောင်ရှိ ထိုင်းနိုင်ငံသားများ အပါအဝင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျိုင်းတုံအထွေထွေရောဂါကု ဆေးရုံအုပ်ကြီးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။   

The Voice

0 comments:

Post a Comment