Monday, May 28, 2018

တိုက်မြင့်ကပြုတ်ကျလုနီးကလေး ကယ်တင်ခဲ့တဲ့ မာလီ Spiderman ပြင်သစ်နိုင်ငံသားခံယူခွင့်ရ


ပြင်သစ်နိုင်ငံ ပါရီမြို့က လူနေတိုက်ခန်းတခုရဲ့ ၄ ထပ် လသာဆောင်ကနေ ပြုတ်ကျလုနီးဖြစ်နေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ မာလီက တရားမဝင် ရွှေ့ပြောင်းအခြေချလာသူ အမျိုးသားတဦးကို "Spider-man" ပင့်ကူလူသား လို့ နာမည်ပေးပြီး သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။

အသက် ၂၂ နှစ်အရွယ် Mamoudou Gassama ဟာ စနေနေ့က သူနေထိုင်ရာ နေရာနားက စားသောက်ဆိုင်တခုမှာ တီဗွီကနေ ပြနေတဲ့ ဘောလုံးပွဲကြည့်ဖို့ အသွား လမ်းမှာ ကလေးငယ်တဦး အိမ်ပေါ်ကနေ ပြုတ်ကျလုနီးနီးဖြစ်နေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွါးရာနေရာကို ပြနေတဲ့ ဗီဒီိယိုထဲမှာတော့ အဆောက်အဦးပေါ်ကို သူဒီအတိုင်း အမြန်တွယ်တက်ပြီး ကလေးကို ကယ်ဖို့ လုပ်နေ တာ တွေ့ရသလို၊ လသာဆောင်ပေါ်မှာလည်း လူတဦးက ကလေးကို လွတ်မကျအောင် ကြိုးစားပြီး ဆွဲထားရတာကို မြင်နေရတာပါ။

Gassama လသာဆောင်ကို ရောက်သွားပြီး လက်တဖက်နဲ့ ကလေးကိုဖမ်းမိပြီး ကယ်လိုက်နိုင်သလို မီးသတ်သမားတွေလည်း ရောက်လာ ခဲ့တာပါ။

ပြင်သစ်သမ္မတ Emmanuel Macron က Gassama ကို Elysee နန်းတော်မှာ တနင်္လာနေ့က စံနမူနာ ယူစရာသူတဦးအဖြစ်နဲ့ ကျေးဇူးတင် စကား ကိုယ်တိုင်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူရဲကောင်းဆု ကိုပါ ချီးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံသားအဖြစ် ပေးအပ်ခဲ့သလို မီးသတ်ဌာန မှာလည်း အလုပ်ပေးခဲ့ပါတယ်။

ပါရီမြို့တော်ဝန် Anne Hidalgo ကလည်း သူ့ရဲ့ သတ္တိရှိတဲ့ လုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း တယ်လီဖုန်းနဲ့ ဆက်ပြီး ချီးကြူးစကား ပြောကြားခဲ့ကြောင်း သူ့ရဲ့တွစ်တာမှာ ရေးပါတယ်။ သူဟာ ပြင်သစ်နိုင်ငံကို မကြာသေးခင် လအနည်းငယ်ကမှ ရောက်လာတာ ဖြစ်ပြီး အခြေချဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

VOA

0 comments:

Post a Comment