Thursday, May 31, 2018

အမေရိကန်၏ အလူမီနီယံအခွန်ကိစ္စ ပြင်သစ်နှင့် ဂျာမနီ ပြတ်ပြတ်သားသား တုံ့ပြန်မည်


အမေရိကန်ရဲ့ သံမဏိနဲ့ အလူမီနီယံအခွန်ကိစ္စကို ဥရောပအနေနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့က ပြောကြားလိုက်ပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်ပွားချင်ပေမယ့် အမေရိကန်ရဲ့ သံမဏိနဲ့ အလူမီနီယံအခွန်ကိစ္စမှာ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ဂျာမနီနဲ့ ပြင်သစ်က ပါရီမှာပြုလုပ်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (OCED) ဖိုရမ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အမေရိကန်က ကျနော်တို့ရဲ့ မဟာမိတ်ပါ။ အခုလို အခွန်ကိစ္စနဲ့ ကျနော်တို့ အထိနာမခံချင်ပါဘူး။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါတယ်။ ဂျာမနီစီးပွားရေးဝန်ကြီးနဲ့လည်း ကျနော်တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဥရောပအနေနဲ့ အမေရိကန်ရဲ့ အခွန်ကိစ္စကို ညီညီညွတ်ညွတ်နဲ့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာပါ” လို့ ပြင်သစ်စီးပွားရေးဝန်ကြီး ဘူနိုလယ်မဲလ် (Bruno Le Maire) က ပြောကြားခဲ့တာပါ။

ဂျာမနီ စီးပွားရေးဝန်ကြီး ပီတာအိုက်မိုင်ယာ (Peter Altmaier) ကလည်း “ဘူနိုလက်မဲလ် ပြောသလိုပါပဲ။ ဥရောပက စုစည်းညီညွတ်မှု ရှိပါတယ်။ လတ်တလော သီတင်းပတ်တွေမှာ အခွန်တိုးမြှင့်တာကို ရှောင်ရှားဖို့အတွက် ကျနော်တို့ တော်တော်ကြိုးပမ်းခဲ့ပါတယ်။ တဖက်မှာလည်း ကျနော်တို့ တုံ့ပြန်ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

DVB

0 comments:

Post a Comment