Tuesday, May 1, 2018

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်များ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်ရှိ ပြန်လည်လက်ခံရေး စခန်းများသို့ သွားရောက်လေ့လာပြီး နေရပ်စွန့်ခွာမှု မရှိသော ဘင်္ဂါလီ ကျေးရွာသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် တိုင်းရင်းသားများအား တွေ့ဆုံ


ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်ဒေသသို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များက ပြန်လည်လက်ခံရေး စခန်းများသို့ သွားရောက်လေ့လာပြီး နေရပ်စွန့်ခွာမှု မရှိသော ဘင်္ဂါလီကျေးရွာသားများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင်များ၊ တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ မေ ၁ ရက် နံနက် ၉ နာရီခွဲတွင် စစ်တွေလေဆိပ်သို့ ရောက်ရှိပြီး စစ်တွေမြို့ လေဆိပ် ဧည့်ခန်းမဆောင်တွင် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လာပါက အဆင်သင့် ပြင်ဆင်ထားရှိမှု အခြေအနေများကို  UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တစ်နာရီခန့်အကြာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ပဋိပက္ခကြောင့် တစ်ဖက်နိုင်ငံကို ရောက်နေတဲ့ မွတ်စလင်တွေနဲ့ ပတ်သက်ပြီးတော့ မကြာခင်မှာ မိုးရွာတော့မှာ ဖြစ်တဲ့အတွက် မိုးရွာရင် ဒုက္ခရောက်တော့မယ်ဆိုတဲ့ အနေအထားကို တွေ့တဲ့အတွက် ဒီဥစ္စာကို အရေးပေါ် ဘယ်လိုကူညီလို့ရမလဲ။ ဘယ်လို ဆောင်ရွက်လို့ရမလဲ။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ လာရောက် ကြည့်ရှုခြင်း ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံအပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မီဒီယာသို့ ပြောကြားသည်။

အဆိုပါအဖွဲ့နှင့်အတူ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုတို့ လိုက်ပါလျက် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်နှစ်စင်းဖြင့် မောင်တောနယ်စပ်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နံနက် ၁၁ နာရီ ၂၂ မိနစ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိပြီး တောင်ပြိုလက်ဝဲ ရှင်းလင်းဆောင်၌ လက်ခံရေးစခန်းတွင် အသင့်ဆောင်ရွက်ထားရှိမှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ရှင်းလင်းခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့က သိလိုသည်များ မေးမြန်းပြီး လက်ခံရေးအဆောင်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လ၀က စစ်ဆေးရေးစခန်းသို့ သွားရောက်ကြည့်ရှုကာ သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် မွန်းလွဲ  ၁၂ နာရီ ၄၃ မိနစ်တွင် တောင်ပြိုမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့နောက် တစ်ဖက်နိုင်ငံမှ ပြန်လာသူများကို ယာယီထားရှိမည့် လှဖိုးခေါင် ယာယီ ကြားစခန်းသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ယင်းမှတစ်ဆင့် ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီ စုပေါင်းနေထိုင်သည့် ရွှေဇားကျေးရွာ မူလွန်ကျောင်းတွင် ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ပြီး အကြမ်းဖက်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် မိသားစုများ၊ မြိုတိုင်းရင်းသားများနှင့် ခရိုင်ထွေအုပ်ရုံးတွင် တွေ့ဆုံခဲ့သည်။ ထို့နောက် နေရပ်စွန့်ခွာသွားခြင်း မရှိဘဲ ရှိနေသည့် ပန်းတောပြင် ဘင်္ဂါလီကျေးရွာတွင် မီးလောင်သွားသည့် နေအိမ်များအား ပြန်လည် တည်ဆောက်ပေးထားသည့် အခြေအနေများကို ကြည့်ရှုကာ ကျေးရွာသားများနှင့် တွေ့ဆုံမေးမြန်း ခဲ့ကြောင်း သိရသည်။

ညနေ ၃ နာရီ မိနစ် ၅၀ တွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ယခုခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကြားသိလာသည့် အချက်အလက်များနှင့် မြေပြင်တွင် ဖြစ်ပျက်ခဲ့သည်များ ကွဲပြားခြားနားမှု ရှိနေသည်ကို သိရှိသွားမည် ဖြစ်ကြောင်းနှင့် အမှန်တကယ် အဖြစ်အပျက်များကို သိရှိသွားသည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်များ အနေဖြင့် အနည်းငယ် ပြောင်းလဲသွားမည်ကို မျှော်လင့်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

ယခုကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “ဒီကိုမလာခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားရောက်ကြည့်ရှုပြီး ဖြစ်တဲ့အတွက် သူတို့တွေကတော့ ဟိုဘက်က ပြောလိုက်တဲ့ ဇာတ်လမ်းတွေနဲ့ ဟိုဘက်မှာတွေ့ရှိခဲ့တဲ့ အပေါ်မှာတော့ လွှမ်းမိုးနေတာ အမှန်ပါပဲ။ ဒီကိုရောက်လာတဲ့ အခါကျတော့ ဆန့်ကျင်ဘက်ကို တွေ့ရမယ်။ ကျွန်တော်တို့ ဘက်ကတော့ အပြုသဘောဆောင်ပြီးတော့ ပြန်လည်လက်ခံဖို့အတွက် အဆင်သင့် ပြင်ဆင်ထားပြီးပြီ။ အကုန်လုံးလည်း ပြန်လည် ၀င်ရောက်လာလို့ရှိရင် သူတို့ရဲ့ လုံခြုံရေး၊ အလုပ်အကိုင်ရရှိရေး စသဖြင့် ပြင်ဆင်ထားတာကို ပြသပါမယ်။ သူတို့ မြင်သွားပြီးလို့ရှိရင် သူတို့အနေနဲ့ ဒါကိုမူလထင် မြင်ထားသလို မဟုတ်ဘူး ဆိုတာတော့ သိရှိသွားပါမယ်။ ဒီဘက်က တိုင်းရင်းသားတွေနဲ့ တွေ့သွားလို့ မေးမြန်းပြီးသွားမယ်ဆိုရင် တစ်ဖက်က နားထောင်ခဲ့တဲ့ ဇာတ်ကြောင်းနဲ့ ဒီဘက်က အမှန်ဖြစ်ခဲ့တဲ့ ဇာတ်ကြောင်း အကွဲလွဲကြီး ကွဲလွဲနေတာကို တွေ့ရှိသွားမှာ ဖြစ်ပါ တယ်။ သူတို့လာရခြင်းအကြောင်းရင်းက လည်း ဖြစ်စဉ်နဲ့ပတ်သက်လို့ ပါဝင်ပတ်သက် ဖို့ ဆိုတာထက် ဘာတွေဖြစ်တယ် ဆိုတာကို သိရှိအောင် ကြည့်ရှုတာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ အမြင်မှန်တွေ သိရှိသွားမှာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ အနည်းငယ်တော့ ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

သားရွှေဦး (ကစ္ဆပ)
Eleven Media Group

0 comments:

Post a Comment