Monday, June 4, 2018

ကားတင်သွင်းသူများ နေပြည်တော်တွင် ဆန္ဒပြရန်စီစဉ်

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက အုပ်စု (ဂ) တွင် သတ်မှတ်ထားသည့် Delivery Van ယာဉ်များ၏ ဒဏ်ကြေးသတ်မှတ်ချက်ကို မကျေနပ်၍ ယင်းယာဉ်တင်သွင်းထားသူ ၁၀၀ ဦးခန့်က ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တင်ထားကြောင်း ၎င်းတို့ထံမှသိရသည်။

ဇွန်လ ၆ ရက်နေ့၌ နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးရှေ့၌ နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့က ယင်းဆန္ဒထုတ်ဖော်ခွင့်အတွက် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရဲစခန်းထံ ခွင့်ပြုချက်တင်ပြထားကြောင်း ၎င်းတို့က ဆိုသည်။

ယခုနောက်ဆုံးပြုလုပ်သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (ကြီး/ကော်) အစည်းအဝေးတွင် ယခင် ဒဏ်ကြေးသတ်မှတ်ချက်များအတိုင်းသာ ပေးဆောင်စေရန် သတ်မှတ်ခဲ့ရာ ဒဏ်ကြေးမှာ များပြားခြင်းကြောင့် မပေးဆောင်နိုင်သည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိကကတော့ အုပ်စု (ဃ) က ဒဏ်ကြေးကို မပေးဆောင်နိုင်လို့ပါ။ ဒီကားတွေကို ကျွန်တော်တို့ ကြီး/ကော် သတ်မှတ်ချက် ၄ ချက်နဲ့အညီ တင်သွင်းထားတာပါ”ဟု ယင်းဆန္ဒပြပွဲ ဦးဆောင်မည့်သူ ဦးမြတ်မင်းချစ်က ပြောဆိုသည်။

ပြည်ပမှ တင်သွင်းလာသည့် Delivery Van များကို ကြီး/ကော်က အုပ်စုလေးခုခွဲ သတ်မှတ်ပြီး အုပ်စု (က) နှင့် (ခ) ကို ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခဲ့ပြီး အုပ်စု (ဂ) မှ  Light Van၊ Van နှင့် Cargo Van များကို မူလကားတန်ဖိုး၏ တစ်ဝက် (1/2AV) ပေးဆောင်ရန်နှင့် အုပ်စု (ဃ) မှ ယာဉ်များကို လူစီးယာဉ် အခွန်နှုန်းထားများအတိုင်း ပေးဆောင်ရန်သတ်မှတ်ခဲ့သည်။

The Voice


0 comments:

Post a Comment