Monday, June 4, 2018

ဆောက်လုပ်ပြီး တစ်နှစ်ကျော်ခန့်သာရှိသေးသော မဒေါက်မြို့ အ.လ.က (ခွဲ) စာသင်ကျောင်း အဆောက်အအုံ၏ နံရံများနှင့် ကြမ်းပြင်များ အက်ကွဲမှုများ ဖြစ်ပေါ်နေ


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းဆောင်အသစ် ဆောက်လုပ်ခဲ့ပြီး တစ်နှစ်ကျော်ခန့်သာရှိသေးသော်လည်း ကျောင်းဆောင်သစ်၏ နံရံများနှင့် ကြမ်းပြင်များတွင် အက်ကွဲရာများဖြစ်ပေါ်နေသဖြင့် အဆောက်အအုံ၏ အရည်အသွေးပြည့်မီခြင်း မရှိဟုဆိုကာ အမြန်ဆုံးပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း မဒေါက်ကျောင်းတာဝန်ရှိသူများက ပြောကြားသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး မဒေါက် အ.လ.က(ခွဲ)ကျောင်း၏ မိဘဆရာ အသင်းဥက္ကဌဖြစ်သူ ဦးဉာဏ်လင်းအောင်က “ကျွန်တော်ကိုယ်တိုင်ကတော့ သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ နားလည်တဲ့သူတွေကို ခေါ်ပြကြည့်တယ်လေ၊ Floor တွေ ကျွံနေတယ်၊ ကြမ်းခင်းတွေ ကျွံတဲ့နေရာမှာ ထုံးတွေပါတယ်၊ အင်္ဂတေကိုကြည့်လိုက်ရင် ထုံးတွေပါတာ တွေ့ရတယ်၊ နောက်ပြီးတော့ ကြမ်းခင်းထဲမှာ ၀မ်းစာထည့်ရမယ့် သဲတွေ လေခိုတာများတဲ့ အခါကျတော့ ပမာဏနည်းနည်းပဲ ထည့်ထားတဲ့အခါကျတော့ အဲ့ဒီဟာတွေက နိမ့်ဆင်းပြီးတော့ အခင်းတွေ ကျွံတဲ့ပြဿနာလေးတွေ ရှိတယ်။ ဘေးနားက နံရံတွေ၊ ပြတင်းပေါက် ကျီးဘောင်ဘေးတွေ အကုန်လုံးပတ်လည်လုံး နီးပါးလောက် လိုက်နေတယ်ပေါ့လေ။ အဲ့ဒါတွေ တွေ့ရပါတယ်။ နောက်ပြီးတော့ ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့မှာ ကျွန်တော်တို့ မသိလိုက်ပါဘူး၊ လာပြန်ပြီးတော့ လုပ်သွားပါတယ်။ သူတို့ပြောတဲ့အတိုင်း မဆလာထည့်တာမျိုး မဟုတ်ဘဲနဲ့ အပေါ်ကနေပြီးတော့ ဘိလပ်မြေလေးနဲ့ နည်းနည်းပေါလစ်သဘောလောက်ပဲ ချောပြီးတော့ မိတ်ကပ်လိမ်းရုံလောက်ပဲ ချောပြီးတော့ ဆေးလေးသုတ်ပြီးတော့ ပြန်သွားတာပဲ” ဟုပြောကြားသည်။

အဆိုပါ ကျောင်းဆောင်သစ်မှာ အလျား ပေ ၆၀ _ အနံ ပေ ၃၀ Steel Structure တစ်ထပ် အဆောက်အအုံ အမျိုးအစားဖြစ်ကာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် (Diamond ValleyCo.,Ltd) က ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေ ကျပ် ၂၃ ဒသမ ၄ သန်းဖြင့် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကျောင်းနံရံအက်ကွဲခြင်း၊ တံခါးကျည်းပေါင်ဘေးများ အက်ကွဲခြင်း၊ အခင်းများ အက်ကွဲ၍ကျွံကျမှုများ ရှိနေခြင်းတို့ကြောင့် အရည်အသွေးပြည့်မီခြင်းမရှိဟု ယူဆကြောင်း၊ အရည်အသွေးမပြည့်မီသောကြောင့် ကျောင်းဆောင်ပြိုကျပျက်စီးမှု ဖြစ်ပွားနိုင်ပြီး ကလေးများအား ထိခိုက်မည်ကို စိုးရိမ်နေကြခြင်းဖြစ်ကြောင်း မဒေါက် အ.လ.က(ခွဲ)ကျောင်း၏ တာဝန်ရှိသူများက ပြောကြားသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ညောင်လေးပင်မြို့နယ် တာဝန်ခံပညာရေးမှူး ဦးဝင်းလွင်က (အ.လ.က (ခွဲ) မဒေါက်ကျောင်းက ဒီ Diamond Valley ကုမ္မဏီက တာဝန်ယူပြီးတော့ ဆောက်တယ်။ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်က ကျွန်တော်တို့  ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ လုပ်ငန်းပြီးစီးသွားလို့ အသေးစိတ်များကို စစ်ဆေးပြီး လိုအပ်ချက်များကို ကုမ္ပဏီကို ပြင်ခိုင်းခဲ့တယ်။ အဲဒီလိုပြင်ခိုင်းခဲ့တဲ့အထဲမှာ လာရောက်ဆောင်ရွက်တယ်။ သို့သော်လည်းပဲ အခုနောက်ပိုင်းထပ်ပြီးတော့ အခုလိုမျိုး ကြမ်းခင်းဘေးနံရံတွေ၊ ကြမ်းခင်းအလယ်လေးတွေ အက်တာ၊ အဲဒီလိုဖြစ်တာတွေကို သက်ဆိုင်ရာကျောင်းအုပ်က ကျွန်တော်တို့ဆီ တင်ပြတာမရှိသေးဘူး၊ တကယ်လို့ သူကတင်ပြလာရင် ကျွန်တော်တို့ဘက်က သက်ဆိုင်ရာခရိုင်၊ တိုင်းအဆင့်ဆင့်ကိုတင်ပြပြီး ကုမ္ပဏီနဲ့ ဆက်သွယ်ပြီးတော့ သူတို့ရဲ့ နှစ်နှစ်အာမခံဖြစ်တဲ့အတွက် နှစ်နှစ်အတွင်းမှာကုမ္ပဏီက ပြန်လည်ပြုပြင်ပေးဖို့ တာဝန်ရှိတာကြောင့် ပြန်ပြီးတော့ ပြုပြင်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်” ဟု ပြောကြားသည်။

ဇော်ဝင်းချစ်(တောင်ငူ)
Eleven Media Group

0 comments:

Post a Comment