Monday, June 4, 2018

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းမှာ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း မရှိသဖြင့် သတင်းထောက်အဖွဲ့အဖြစ် အသိအမှတ်မပြုကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ရှင်းလင်း


မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း(MCRA)သည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း မရှိသော အသင်းအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ကို သတင်းထောက်အဖွဲ့ဟု အသိအမှတ် မပြုကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြောကြားသည်။

ဇွန် ၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာရုံး၏ ရုံးခန်းတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“သူတို့အသင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ရဲတပ်ဖွဲ့ရဲ့ အရန်အင်အားအဖြစ် ထားရှိရန်ဆိုတဲ့ဟာမျိုးရယ်၊ နောက်တစ်ခုက ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့တွေကို မှုခင်းကျဆင်းရေးအတွက် သတင်းပေးရန် ဆိုတဲ့ဟာတွေ ပါဝင်တာတွေ့ရှိရတယ်။ သတင်းမီဒီယာ ဥပဒေရဲ့ ၉(ဈ) မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ကျင့်ဝတ် စည်းကမ်းတွေကို လိုက်နာရမယ်လို့ ဆိုထားတယ်။ ကျင့်ဝတ်မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ ကျင့်ဝတ်နဲ့ သူတို့အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့က တိုက်ရိုက်ကို ဆန့်ကျင်နေတဲ့အတွက် MCRA အဖွဲ့ က သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ ကျင့်ဝတ် စည်းကမ်းတို့ကို လိုက်နာခြင်းမရှိတဲ့ အဖွဲ့ဖြစ်တယ်။ ဒါကြောင့် ဒီအဖွဲ့က သတင်းမီဒီယာအဖွဲ့အစည်း မဟုတ်ကြောင်း ကျွန်ေ တော်တို့က ထုတ်ပြန်ကြေညာတယ်။ သူတို့ ဘာသာသူတို့ မှုခင်းကျဆင်းရေးအတွက် ပရဟိတပဲ လုပ်လုပ်၊ ဘာအဖွဲ့ပဲ လုပ်လုပ် ဒါကတော့ ပြည်ထဲရေးမှာ တရားဝင် မှတ်ပုံတင်ပြီး လုပ်ခွင့်ရှိတယ်။ သို့သော် သတင်းမီဒီယာ သတင်းသမား အဖွဲ့အစည်း၊ မှုခင်းသတင်းထောက် အဖွဲ့အစည်း၊ သတင်းထောက်ဆိုတဲ့ အသုံးအနှုန်း၊ သတင်းမီဒီယာ ဆိုတဲ့ အသုံးအနှုန်း အဖွဲ့အစည်း ဖြစ်နေတော့ ကောင်စီက အသိအမှတ်မပြုဘူး” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် ဦးသက်နိုင်ဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာဥပဒေ ၉(ဈ)တွင် ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကျင့်ဝတ်နှင့် စည်းကမ်းချက်များဖြစ်သည့် ၈-၁၊၂၁-၁၊ ၂၁-၂ တို့ကို လိုက်နာခြင်း မရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အငြင်းပွားမှု တိုင်ကြားမှု ညှိနှိုင်းဖြေရှင်းရေးကော်မတီက စစ်ဆေး ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးသက်နိုင်ဦး အပါအ၀င် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာဥပဒေ နည်းဥပဒေ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း မရှိသော အဖွဲ့ဖြစ်ကြောင်း စသည်တို့ ပါရှိသည်။

“ဒီအဖွဲ့နဲ့ပတ်သက်လို့ မီဒီယာကောင်စီကို နယ်အသီးသီးက တိုင်စာတွေ အများကြီးရတယ်။ မှုခင်းသတင်းတပ်ဖွဲ့ သတင်းထောက်တွေ မှုခင်းအဖွဲ့ရဲ့ အဖွဲ့ဝင် သတင်းထောက်တွေက နယ်တွေမှာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေရော မတရားမှုတွေရော အများကြီးပဲ တိုင်စာတွေ ရတယ်။ မီဒီယာကောင်စီကို လာတိုင်သလို သက်ဆိုင်ရာ အစိုးရဌာနတွေကိုလည်း တိုင်တယ်။ သတင်းထောက်ဆိုတဲ့ နာမည်ကို မသုံးရင် အခုလိုဖြေရှင်းနေရမှာ မဟုတ်ဘူး”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင်က ပြောကြားသည်။

ထို့ပြင် ဥပဒေအရ အရေးယူနိုင်ရန် ဥပဒေပညာရှင်များနှင့် တိုင်ပင်နေကြောင်း သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြောကြားသည်။ 

နေမျိုးဝင်း၊ လွင်မျိုးသူ
Eleven Media Group

0 comments:

Post a Comment