Monday, June 4, 2018

မှုခင်းသတင်းထောက်များအသင်းကို ကျင့်ဝတ်စည်းကမ်း မလိုက်နာသည့်အဖွဲ့အဖြစ် မီဒီယာကောင်စီကြေညာ


မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (MCRA)ဟာ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နဲ့ စည်းကမ်းတွေကို လေးစားလိုက်နာခြင်းမရှိတဲ့ အသင်းအဖွဲ့ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဒီကနေ့ ကြေညာပါတယ်။

ဦးသက်နိုင်ဦး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှုခင်း သတင်းထောက်များ အသင်း (MCRA) ဟာ သတင်းမီဒီယာဥပဒေ ၉(ဈ) မှာ ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကျင့်ဝတ်နဲ့ စည်းကမ်းချက် ၈-၁ ၊ ၂၁-၁၊ ၂၁-၂ တို့ကို မလိုက်နာလို့ ကောင်စီရဲ့  အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီက စစ်ဆေးဆုံးဖြတ်ခဲ့ တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်းမီဒီယာကျင့်ဝတ်နဲ့ စည်းကမ်းချက်အမှတ် ၈-၁ မှာ မီဒီယာ သမားတွေဟာ သတင်းအချက်အလက်တွေကို ရရှိဖို့ မရိုးမဖြောင့်သောနည်းလမ်းတွေ အသုံးမပြုရလို့ ဖော်ပြထားတာပါ။

စည်းကမ်းချက် အမှတ် ၂၁-၁ မှာတော့ မီဒီယာလုပ်ငန်း လုပ်ကိုင်သူတွေဟာ ရဲတပ်ဖွဲ့နဲ့ တခြားအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ သတင်းပေးအဖြစ် ဆောင်ရွက်ခြင်းမပြုရလို့ ဖော်ပြထားသလို စည်းကမ်းချက် ၂၁- ၂ မှာတော့ တရားရုံးအမိန့်အရ ဆောင်ရွက်ရတဲ့  အခြေအနေကလွဲပြီး ပုံနှိပ်ထုတ်လွှင့်ထားခြင်းမရှိတဲ့ အကြောင်းအရာတွေကို လုံခြုံရေး အာဏာပိုင်တွေကို လွှဲမပေးရလို့ ပါရှိတာဖြစ်ပါတယ်။

မီဒီယာကောင်စီဝင် ပြန်ကြားရေးတာဝန်ခံ ဦးမြင့်ကျော်က “မှုခင်း သတင်းထောက်လို့ အမည်ခံထားပြီးတော့ သတင်းထောက်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို မလိုက်နာခဲ့တာတွေ၊ ငွေညှစ်တာတွေ ရှိခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်လုပ်ရပ်တွေမှာ ရဲတပ်ဖွဲ့ရဲ့ အရန်အင်အားလို့ ခံယူထားတာ၊ ရဲသတင်းပေးဖို့ဆိုတာတို့က သတင်းထောက် ကျင့်ဝတ်နဲ့ မညီဘူးလေ။ သတင်းသမားဆိုတာ ကြားနေရတယ်။ သတင်းသမားတွေအပေါ်မှာ ယုံကြည်မှုရှိဖို့က အထက်က လုပ်ရပ်တွေကြောင့် ပျက်စီးသွားနိုင်တယ်။ အခုလည်း ဖြစ်နေတာတွေရှိတယ်။ ဒါကြောင့် အခုလို ထုတ်ပြန်လိုက်တာက ကောင်းတယ်” လို့ ပြောပါတယ်။

‘ရှု၊ထောင့်’ မှုခင်းနှင့်သတင်းဂျာနယ် အယ်ဒီတာချုပ်လည်းဖြစ် MCRA အသင်းရဲ့ဗဟို  ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသက်နိုင်ဦးဟာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့စွဲနဲ့ သတင်း မီဒီယာကောင်စီ ဥက္ကဋ္ဌထံ လိပ်မူပြီး တိုင်ကြားစာပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

တိုင်ကြားသူ ဦးသက်နိုင်ဦးအနေနဲ့ မေ ၃၁ရက်မှာ မီဒီယာကောင်စီထံလာရောက်ဖို့ ဆင့်ခေါ်ထားပေမယ့် ကိုယ်တိုင်မလာဘဲ  ကိုယ်စားလှယ်တစ်ဦးကိုသာ စေလွှတ်ခဲ့လို့ လူကိုယ်တိုင်လာရောက်ဖို့ ထပ်မံဆင့်ခေါ်ခဲ့ရာလည်း ယနေ့ထိ လာေ ရာက်ခဲ့ခြင်း မရှိဘူး လို့ဆိုပါတယ်။

မှုခင်းသတင်းထောက်၊ အထူးသတင်းထောက်တွေဟာ သတင်းထောက်အမည်ခံပြီး သတင်းမီဒီယာလုပ်ငန်းမလုပ်ဘဲ ခြိမ်းခြောက်တာတွေ၊ ငွေကြေးတောင်းခံတာတွေကို စိစစ်အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာပေးပို့ထားတယ်လို့ မီဒီယာ ကောင်စီအဖွဲ့ဝင်  ဦးဇေယျာလှိုင်က စံတော်ချိန်သတင်းစာမှာ ပြောထားတာပါ။

ဦးဇေယျာလှိုင်ရဲ့ စံတော်ချိန်သတင်းစာပါ ပြောကြားချက်တွေဟာ မှုခင်း သတင်းထောက်များအသင်း (MCRA)ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် ဦးဇေယျာလှိုင်ကို အရေးယူပေးဖို့ သတင်းမီဒီယာကောင်စီနဲ့ ပြည်ထဲရေးဌာနကို စာပို့တိုင်တန်း ထားတယ်လို့ မှုခင်းသတင်းထောက် အသင်းကိုယ်စားပြု ရှုထောင့် မှုခင်းနှင့် သတင်းဂျာနယ် ဦးသက်နိုင်ဦးက ပြောပါတယ်။

မီဒီယာကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဦးသက်နိုင်ဦးက “ဒါကတော့ သူတို့မှားနေတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့က မီဒီယာကောင်စီလက်အောက်ခံ မဟုတ်ဘူးခင်ဗျ။ မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များ အသင်းဆိုတာက မှုခင်းကူညီမှု ပရဟိတအဖွဲ့ကြီး။ ပြည်ထဲရေးရဲ့ အသင်းအဖွဲ့မှတ်ပုံတင်နဲ့ တည်ထောင်ထားပြီးတော့ အသင်းအဖွဲ့ ဥပဒေနဲ့ အညီ ကိုယ်ပိုင်ရပ်တည်နေတဲ့ အဖွဲ့ကြီးပါ။ မီဒီယာကောင်စီရဲ့ လက်အောက်ခံ မဟုတ်သလို မီဒီယာ ဥပဒေနဲ့လည်း မဆိုင်ပါဘူးခင်ဗျ။ ဂျာနယ်ရဲ့ သတင်းထောက်တွေကတော့ ဆိုင်တာပေါ့။ သူတို့ကိုလည်း ကျင့်ဝတ်နဲ့ အညီရေးဖို့ ပြောထားပါတယ်။ ရဲကို သတင်းပေးတာတို့၊ ကူညီတာတို့ကိုကျတော့ အသင်းအနေနဲ့ လုပ်ဖို့ ပြောထားပါတယ်” လို့ ပြောပါတယ်။

မှုခင်းသတင်းထောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်လို့ မှုခင်းသတင်းထောက်များ အသင်းလို့ နာမည်ပေးထားတာ ဖြစ်ကြောင်း၊ မီဒီယာကောင်စီရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ အဆင်ပြေပေမယ့် လူငယ်တချို့နဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေလို့ အခုလို ကြေညာချက်ထွက်လာတာလို့လည်း သူက ပြောပါတယ်။

မြို့နယ်အသီးသီးမှာ မှုခင်းသတင်းထောက်အသင်းအဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်ငွေကြေး တောင်းခံမှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကားကိုတားပြီးစစ်ဆေးမေးမြန်းတာတွေ အပါအ၀င် ပြည်သူလူထုကို ၀င်ရောက်ဖမ်းဆီးတဲ့ တိုင်ကြားချက်တွေလည်း  သတင်း မီဒီယာကောင်စီက ရရှိထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်ကလည်း ပုသိမ်မြို့မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင် လတ်မှတ်အတုပါတဲ့စာရွက်ပြကာ တိုင်းရင်းသားတွေအတွက် မြေကွက်တွေ ချထားပေးမယ်ဆိုပြီး ငွေကျပ် ၂၅ သိန်း လိမ်လည်ခဲ့တဲ့ မှုခင်းသတင်းထောက်တဦးကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ  မှုခင်းသတင်းထောက် အသင်းဝင်ပေါင်း ခန့်မှန်းခြေ ၅၀၀၀ ကျော်လောက်ရှိနေတယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment