Monday, June 4, 2018

ရန်ကုန်တိုင်းအစိုးရ ၀ယ်ယူမည့် Ford ကား ၁၀ စီးနှင့် မြို့တော်ဘဏ်မှ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ကျပ်သန်း ၆၈၀၀ တောင်းခံမှုနှင့်ပတ်သက်၍ လွှတ်တော်တွင် စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အချေအတင်ဖြစ်


ရန်ကုန်တိုင်းအစိုးရမှ ၀ယ်ယူမည့် Ford ကား ၁၀ စီးနှင့် မြို့တော်ဘဏ်မှ နိုင်ငံခြား ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ကျပ်သန်း ၆၈၀၀ တောင်းခံထားမှုနှင့်ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အခြေအတင်ဖြစ်ခဲ့သည်။
ဇွန် ၄ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ၃၉ရက်မြောက်နေ့တွင် ၂၀၁၈-၂၀၁၉  ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့် စပ်လျဉ်းပြီး လွှတ်တော်အဆုံး အဖြတ်ရယူရာတွင် အချေအတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးကော်မတီမှာ တင်ပြတဲ့ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့ ကျပ်သန်းပေါင်း ၆၈၀၀ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အဆိုပြုလျာထားတာကနေ ထုတ်နုတ်ဖို့၊ ပြီးတော့ ဘဏ္ဍာရေးကော်မတီက တင်ပြထားတဲ့ Ford ကား ၁၀ စီးဝယ်ယူခြင်းကိုလည်း ကျွန်မတို့ သဘောမတူပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။

ထို့ပြင် ထွေအုပ်ရုံးများအတွက် ကား ၂၁ စီးဝယ်ယူမည့်နေရာတွင် ၁၄ စီးဝယ်ယူ မည်ဟုဆိုသော်လည်း အဆိုပါကားများသည် မည်သည့်မြို့နယ်များအတွက် ၀ယ်ယူမည်ဆိုသည်ကို တင်ပြသင့်ကြောင်း၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ၀ယ်ယူမည့် ကားများကို လျှော့ချလိုက်သည်ကိုလည်း တွေ့ရကြောင်း၊ သို့သော် ၀ယ်ယူမည့်ကားများ မည်သည့်နေရာ၌ အသုံးပြုမည်၊ မည်သူစီးမည်ဆိုသည်ကို သိရှိလိုကြောင်း ကွမ်းခြံကုန်း မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်းက မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက လမ်းတံတားဌာနမှဝယ်ယူမည့် TOYOTA Royal Saloon သိန်း ၇၅၀ ကိစ္စလည်း ပါဝင်ကြောင်း၊ အဆိုပါကားများ မည်သည့်အတွက်ကြောင့် ၀ယ်ယူသည် မည်သည့်နေရာတွင် အသုံးပြုမည်ကိုလည်း သိရှိလိုကြောင်း ပြောကြားသည်။

Ford ကား ၁၀ စီးသည် အစိုးရအဖွဲ့ဝင်များ စီးနင်းမည့်ကားဖြစ်ကြောင်း၊ မိမိတစ်ယောက်တည်း စီးမည့်ကားဆိုပါက ချက်ချင်းပယ်ဖျက်မည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ဝင်များ စီးမည့်ကားဖြစ်သည့်အပြင် ယခုအသုံးပြုနေသည့် ကားများသည် ဟောင်းနွမ်းနေကြောင်း၊ ယခင်အစိုးရလက်ထက်မှ ပါလာသည့် ကားများဖြစ်ကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ၀န်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ဖူးသည့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်ပင်ပြီး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၀န်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

“ဒါကြောင့်မို့လို့ ကားတွေရဲ့အခြေအနေ ကားတွေရဲ့ ဟောင်းနွမ်းခြင်း၊ ကားတွေရဲ့ ကြံ့ခိုင်မှု မရှိခြင်းကိစ္စရပ်များက ကျွန်တော်တို့  ရခိုင်ဝန်ကြီးကို ဥက္ကဋ္ဌကြီးကတစ်ဆင့် မေးမြန်းရင်လည်း အားလုံးပြောပြနိုင်ပါတယ်။ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်ကို ပြည့်ပြည့်၀၀မသုံးသပ်နိုင်တဲ့အတွက် တောင်းပန်ပါတယ်။ အချိန်က အင်မတန် တိုတောင်းပါတယ်။ အထဲမှာမပါဘူးဆိုရင်လည်း RE မှာ ထည့်သွင်းပေးပါ့မယ်” ဟု ၀န်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

“သုံးကြိမ်လုံးက အားလုံးအပြည့်အ၀ ထောက်ခံမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ တညီတညွတ်တည်းထောက်ခံမှုနဲ့ အတည်ပြုခဲ့တဲ့ ဘတ်ဂျက်ဖြစ်ပါတယ်။ မဲခွဲပြီးတော့ ဆုံးဖြတ်ပြီး အတည်ပြုရတဲ့ဘတ်ဂျက်ထက် အားလုံးတညီတညွတ်တည်း အတည်ပြုလိုက်တဲ့ဘတ်ဂျက်ကို မြတ်နိုးပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌကြီးအနေနဲ့ တညီတညွတ် အတည်ပြုသော ဘတ်ဂျက်ရဖို့ စီစဉ်ဆောင်ရွက်ပေးပါလို့ အနူးအညွတ်တောင်းပန်ပါတယ်” ဟု ၀န်ကြီးဦးမြင့်သောင်းက ဆိုသည်။

ယခင်ကပြုလုပ်ခဲ့သည့် ဘတ်ဂျက် နှစ်ကြိမ်တွင် ဘဏ္ဍာရေး၊ စီမံကိန်း စီးပွားရေး ကော်မတီအနေဖြင့် စိစစ်မှုအပိုင်းတွင် အားနည်းချက်များရှိခဲ့ကြောင်း၊ ကော်မတီဥက္ကဋ္ဌ  ဒေါ်စန္ဒာမင်းက လွှတ်တော်တွင် ၀န်ခံခဲ့ပြီး ယခုတတိယကြိမ်မြောက် ဘတ်ဂျက်တွင်မူ စနစ်တကျဖြစ်စေရန် စိစစ်ထားကြောင်း ဒေါ်စန္ဒာမင်းက ဆိုသည်။

ဝန်ကြီးများကို အန္တရာယ်ကင်းကင်းနှင့် ကားများကို စီးစေချင်ကြောင်း၊ လက်ရှိတွင် ၀န်ကြီးများသည် လိုင်းကားလည်း တိုးစီးခြင်း မရှိသကဲ့သို့ Taxi စီးနေသည့်ဝန်ကြီးများလည်း မရှိကြောင်း၊ ကိုယ်ပိုင်ကားစီးနေသည့် ၀န်ကြီးများလည်းရှိကြောင်း၊ ခြိုးခြံချွေတာရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၀န်ကြီးဌာနများကိုပေါင်းပြီး ၀န်ကြီးတစ်ယောက်ကို ဌာနလေးခုကိုင်ခိုင်းကာ လုပ်ဆောင်နေသည့် အချိန်တွင် သက်တမ်းအားဖြင့် နှစ်နှစ်တာသာ ကျန်ရှိတော့သည့်အချိန်တွင် ကားများဝယ်ပြီးစီးဖို့ လိုအပ်သည်ဆိုပါက လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်ပြီး အားလုံးသဘောတူသည်ဆိုပါက ကျွန်မတို့ စီမံကိန်းကော်မတီကလည်း သဘောတူမည်ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

အလားတူ မြို့တော်ဘဏ်တွင် ကျပ်သန်း ၆၈၀၀ ထည့်ဝင်မည့်ကိစ္စနှင့်ပတ်သက်ပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော် မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက အဆိုပါဘဏ်တွင် ထည့်ထားသည့်ငွေများသည် ပြည်သူ့ငွေများ ဖြစ်ကြောင်း၊ မြို့တော်ဘဏ်မှာ စီးပွားရေးလုပ်ဆောင်သည့် ဘဏ်မဟုတ်ဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရရှိသည့် အခွန်ဘဏ္ဍာများကို သိမ်းဆည်းထားသည့် ဘဏ်ဖြစ်ကြောင်း ကျပ်သန်း ၆၈၀၀ ထည့်ဝင်ရန် မလိုအပ်ကြောင်း ပြောကြားသည်။

ယင်းဘဏ်ကိစ္စနှင့်ပတ်သက်ပြီး ၀န်ကြီးက မြို့တော်ဘဏ်မှာ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ယင်းသို့တောင်းခံခြင်းဖြစ်ကြောင်း၊ ယင်းငွေများမှာ ဘဏ်ကရှာဖွေထားသည့် ငွေများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ပြန်လည်ထည့်ဝင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ဒီငွေကလည်း ဘဏ်ကိုယ်၌က ရှာဖွေထားတဲ့ငွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘဏ်က တိုးပွားလာတဲ့ သန်း ၆၈၀၀ ကို ဘဏ်ရဲ့ကျပ် ငွေတွေဆောင်ရွက်တာကနေ နိုင်ငံခြားငွေကိုပါ တိုးချဲ့မှာဖြစ်တဲ့အတွက် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် ရှင်းလင်းတင်ပြတာ ဖြစ်ပါတယ်။ ဒီလို ဆက်လက်ဆောင်ရွက်နိုင်မှသာ ရန်ကုန်တိုင်းအစိုးရရဲ့ လက်အောက်မှာရှိတဲ့ စည်ပင်သာယာရေး ကော်မတီလက်အောက်မှာရှိတဲ့ ဒီဘဏ်မှာ ကျပ်ငွေအပြင် နိုင်ငံခြားငွေလည်း လည်ပတ်နိုင်မယ်။ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ငွေချေးပေးပါမယ်။ အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးနိုင်ဖို့အတွက် ဂျာမနီနိုင်ငံက GNZ နဲ့ ကျွန်တော်တို့နိုင်ငံခြား ငွေချေးဖို့ ပြင်ဆင်နေပါတယ်။ အဲဒီလို ချေးဖို့အတွက် ဒီလိုကိုယ်တိုင်လိုင်စင်မရဘူးဆိုရင် နိုင်ငံခြားချေးငွေမရပါဘူး။ အဲဒီတော့ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီကို မေတ္တာရပ်ခံလိုတာက ဒါက ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ခြင်းဖြစ်လို့ အမေရိကန်ဒေါ်လာ ငါးသန်းနဲ့ ညီမျှတဲ့ ကျပ်သန်း ၆၈၀၀ ကို ထည့်ခြင်း ဖြစ်ပါတယ်” ဟု ၀န်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ဝန်ကြီးက ထိုသို့ဖြေကြားမှုအပေါ် ဒေါ်စန္ဒာမင်းက “ကျွန်မတို့ဟာ Two Step Loan နဲ့ ချေးမယ့်ငွေတွေကို ကျွန်မတို့လွှတ်တော်က ကန့်ကွက်လိုက်တယ်ဆိုရင်၊ ပြည်သူလူထုကို Two Step Loan နဲ့ SME တွေကို ငွေမချေးချင်တဲ့ သဘောမျိုးအနေနဲ့ ကန့်ကွက်တာ မဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ်ကနေပြီးတော့ ယနေ့ထက်တိုင်အထိ စည်ပင်သာယာဘဏ်ရဲ့ အမြတ်ငွေတွေကို ပေါင်းကြည့်လိုက်ပါ၊  ချေးငွေတွေ မပေးဘူးဆိုရင်တောင် ကျပ်သန်းပေါင်း ၆၈၀၀ မရှိပါဘူး။ ဒါကို ကျွန်မတို့ အနေနဲ့ ဒါကို နိုင်ငံခြားဘဏ်လုပ်ငန်းတစ်ခုကိုပဲ လုပ်ဆောင်ခွင့်မပေးတာပါ။ ကျန်တဲ့လုပ်ငန်းတွေ အားလုံးကို လုပ်ဆောင်ခွင့်ပေးပါတယ်။ GIZ က ရရှိတဲ့ငွေကို နိုင်ငံခြားငွေနဲ့  ရရှိတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ နိုင်ငံခြားငွေလုပ်ငန်းကို လုပ်ကိုင်နိုင်တဲ့ အစိုးရရဲ့ဘဏ်တွေလည်း ရှိပါတယ်။ အစိုးရဌာနအချင်းချင်းလည်း လုပ်ဆောင်လို့ရပါတယ်။ ကျွန်မတို့စည်ပင်သာယာ ဘဏ်တစ်ခုတည်း မဖွင့်ရဘူးဆိုရင် Two Step Loan နဲ့ SME မရနိုင်ဘူးဆိုတဲ့ အခြေအနေ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ စည်ပင်သာယာ လက်အောက်မှာရှိတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့ ဒီဘဏ်တစ်ခုမှာမှ နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ဆောင်မှ ချေးငွေရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အလဟသ လွှတ်တော်အနေနဲ့ သဘောမတူခြင်း မဟုတ်ပါဘူး” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ယင်းသို့ လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား သဘောထားကွဲလွဲခြင်းအပေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ၀န်ကြီးကို မေတ္တာရပ်ခံချင်သည်က ကားကိစ္စကို အလျှော့ပေးရန် ဒါမှမဟုတ် ၀န်ကြီးပြောကြားခဲ့သည့် လွှတ်တော်တွင် မဲခွဲပေးရပါက ဂုဏ်သိက္ခာကျသည်ဆိုသော်လည်း ယခုကဲ့သို့ ဖြစ်လာသည့်အတွက် မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း၊ လျာထားချက်သာဖြစ်သည့်အတွက် ယခုလျာထားချက်သည် ဒုတိယသမ္မတ၏ ဘဏ္ဍာရေးကော်မရှင်သို့ ရောက်မည်ဖြစ်ကြောင်း၊ စီစဉ်ဆုံးဖြတ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ရောက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဆုံးဖြတ်ပြီး ဆုံးဖြတ်ချက်ကို ဒုတိယသမ္မတက စိစစ်ပြီး ပြန်လည်ပေးပို့ကြောင်း၊ ဒုတိယသမ္မတက စိစစ်ပြီး စက်တင်ဘာတွင် ပြန်လည်ရောက်လာကာ အတည်ပြုရမည့်ကိစ္စဖြစ်ရာ ကိုယ်စားလှယ်များက စဉ်းစားဝေဖန်ပြီး လုပ်ပေးစေချင်ကြောင်း ပြောကြားသည်။

ထိုသို့ လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားအပြီးတွင် ၀န်ကြီးဦးမြင့်သောင်းက ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုကို စိစစ်ကာ ဇွန် ၁ ရက်တွင် အစိုးရ အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ကြောင်း၊ ယင်းသို့ ဆွေးနွေးပြီး ရေးဆွဲထားခြင်းကြောင့် ပြင်မပေးနိုင်ကြောင်း ပြောကြားသည်။

“၁ ရက်နေ့မှာ အစိုးရအဖွဲ့ကို တင်ပြပြီးတော့ ဒီအချက်အလက်တွေ တင်ပြခဲ့ပြီးတော့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီရဲ့ ကန့်ကွက်ချက်ကို လိုက်လျောနိုင်စွမ်းမရှိ ပါဘူး။ အဲဒီနေ့က အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောကြားသည်။

ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားခဲ့ပြီးနောက် လွှတ်တော်ကို ၁၀ မိနစ်ခန့် နားခဲ့ပြီး လွှတ်တော်ပြန်လည်စတင်သည့်အချိန်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်လွှတ်တော်ဆိုင်ရာနည်း ဥပဒေ ၁၄၀ အရ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဖွဲ့အစည်းဝင် ရှင်းလင်းတင်ပြချက်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ဆက်လက်ပေးပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီးခဲ့ကြောင်း သိရသည်။ ယင်းကြောင့် အဆိုပါ ငွေစာရင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ ပြန်လည်ပေးပို့မည် ဖြစ်သည်။

ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်
Eleven Media Group

0 comments:

Post a Comment