Thursday, November 29, 2018

ပြည်သူများ စားဝတ်နေရေးကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရခြင်းကြောင့် ကျေးရွာများအရောက် ဆန်၊ ဆီ ရောင်းချပေးနေခြင်းသည် ပကတိအမှန်တရားဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ပြောကြား


နိုင်ငံ၏ စီးပွားရေးအခြေအနေအရ ပြည်သူများ စားဝတ်နေရေးကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရခြင်းကြောင့် ကျေးရွာများအရောက် ဆန်၊ ဆီ ရောင်းချပေးနေခြင်းသည် ပကတိအမှန်တရားဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးဝေလွင်က နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ ရုံးချုပ်တွင်ပြုလုပ်သည့် ပြည်ခိုင်ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရဲ့ စီးပွားရေးအခြေအနေကတော့ ရိုးရိုးလေးပဲတွေးကြည့်ရင် ဒီနေ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ရင်ဆိုင်နေရတာ လက်တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အခုလို စားဝတ်နေရေး ကျပ်တည်းနေလို့ တို့ပြည်ထောင်စုနယ်မြေအတွင်းမှာ အာဏာရအစိုးရတောင် ကြံရည်ဖန်ရည်ရှိရှိလုပ်ပေးနိုင်စွမ်း မရှိတဲ့အလုပ်ကို တို့ပြိုင်ဘက်ပါတီ (အတိုက်အခံ ပြည်ခိုင်ဖြိုး) က ကျေးရွာ အရောက် ဆန်၊ ဆီ ရောင်းချပေးနေတာ ပကတိအမှန်တရားဖြစ်ပါတယ်။ အခုလို တို့ပါတီဝင်တွေရဲ့ ပြည်သူအပေါ် စေတနာထား၊ အပင်ပန်းခံ ကျေးရွာအရောက် ဈေးရောင်းပေးနေကြတာကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြားလိုပါတယ်” ဟု ဦးဝေလွင်က ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီဝင်များ၏ ပြည်သူလူထုအပေါ် အကျိုးပြုလှုပ်ရှားမှုများသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မြင်သာထင်သာသည့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း စသည့်လုပ်ငန်းများသာမက နိုင်ငံရေးအတွေးအမြင်များ ပိုမိုသိမြင်လာစေရန်၊ မိမိတို့ပါတီနှင့် တစ်သားတည်း ဖြစ်လာစေရန်၊ စိတ်ပိုင်းဆိုင်ရာ အသိပညာပိုင်းဆိုင်ရာများကိုပါ ဦးစားပေးအကျိုးပြု လှုပ်ရှားနိုင်ရန်လည်း ဦးဝေလွင်က တိုက်တွန်းခဲ့သည်။
ဦးဝေလွင်က “ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ပါတီဝင်တွေဟာ ပြည်သူလူထု အကျိုးပြု ဘုရားကျောင်းကန်၊ နေအိမ်ရပ်ရွာ သန့်ရှင်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သလို နိုင်ငံရေးမူဝါဒမှန်ကန်တဲ့ အမျိုးဘာသာသာသနာကို စောင့်ထိန်းတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုနေတဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်တဲ့ ကျွန်တော်တို့ပါတီ နဲ့ လက်တွဲဆောင်ရွက်လာအောင် မှန်ကန်သော နိုင်ငံရေးအသိပညာပေးစည်းရုံးမှုများလည်း ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေပါပဲ။ ဒီနေ့ ကျွန်တော်တို့ နိုင်ငံရဲ့မြင်ကွင်း သို့မဟုတ် ကျွန်တော်တို့ နိုင်ငံမှာရှိနေတဲ့ ပြည်သူတွေရဲ့ ပကတိအခြေ အနေကို စကားတစ်ခွန်းတည်းနဲ့ အတိုချုပ်ပြောပါဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေဟာ ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့အပြင် ကျဆင်းသည်ထက် ကျဆင်းနေပါတယ်။ ပြည်သူတွေရဲ့ဘဝ၊ ပြည်သူတွေရဲ့ စားဝတ်နေရေးတွေ အဆင်မပြေဘဲ ကျပ်တည်းစွာ ခါးစည်းရုန်းကန်နေရတယ်လို့ပဲပြောရင် လုံလောက်ပြီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
လက်ရှိနိုင်ငံ၏ အခြေအနေ၊ ပြည်သူများ၏ ဘဝများကို အစည်းအဝေး အခမ်းအနားသို့ တက်ရောက်လာသူများသည် လက်တွေ့ကျကျသိရှိမည်ဟု ယုံကြည်ကြောင်း၊ ငြိမ်းချမ်းရေး သို့မဟုတ် အမျိုးသားရင်ကြားစေ့ရေး အခြေအနေသည် ယခင်အစိုးရလက်ထက်ကထက် ပိုပြီးဆိုးသွားကြောင်း၊ ရှေ့မဆက်ဘဲ နောက်ပြန်ဆုတ်နေကြောင်း၊ ယခင်အစိုးရလက်ထက်ကာလက ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ယနေ့ အစိုးရ၏ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လိုခြင်းမရှိကြောင်းနှင့် ဆိုင်းငံ့ထားပြီး ဖြစ်ကြောင်း တရားဝင်စာထုတ်ခြင်းသည် ငြိမ်းချမ်းရေးခရီး နောက်ပြန်ဆုတ်သွားခြင်း ဖြစ်ကြောင်း ဦးဝေလွင်က ဆိုသည်။
ဦးဝေလွင်က “နောက်တစ်ချက်ကတော့ အမျိုးဘာသာသာသနာအရေးပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ မြန်မာလူမျိုးအများစု ကိုးကွယ်တဲ့ ဘာသာတရားဟာ အခြားသော အနည်းစုဘာသာများနည်းတူ တန်းတူရည် တူ သတ်မှတ်ခံရခြင်း၊ သံဃာတော်များမှာ လူပုဂ္ဂိုလ်များနှင့် တစ်တန်းတည်း နေထိုင် စားသောက်နေရခြင်းနှင့် အခုလိုရာသီမှာ ယခင်ကာလများက နိုင်ငံတစ်ဝန်း တရားပွဲများ သောသောညံနေသော်လည်း ယခုအခါ တရားပွဲသံများ တိတ်ဆိတ်နေခြင်းဟာ အနာဂတ်မြန်မာအတွက် ကောင်းသောလက္ခဏာ မဟုတ်ပါဘူး။ တရားဥပဒေ စိုးမိုးရေးအပိုင်းမှာလည်း ယခင်ပြည်ခိုင်ဖြိုး အစိုးရလက်ထက် ကာလကထက် ရာဇဝတ်မှုများထူပြောခြင်း၊ ပြည်သူလူထုဘဝမှာ လုံခြုံ မှုကင်းမဲ့နေသည် ဟု ခံစားနေရခြင်းဟာ ဆုတ်ယုတ်နေခြင်းသာ ဖြစ်ပါတယ်။ ဒီနေ့အာဏာရအစိုးရရဲ့ သက်တမ်းဟာ သုံးပုံပုံနှစ်ပုံခန့် ကုန်ဆုံးလာပြီဖြစ် သော်လည်း ပြည်သူတွေရဲ့ဘဝဟာ ဖွံ့ဖြိုး တိုးတက်မှုမရှိသော၊ နောက်ပြန်ဆုတ်ယုတ်နေသော ပြောင်းလဲမှုများနှင့်သာ ရင်ဆိုင်နေရပါတယ်” ဟု ဆိုသည်။
ပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပြည်ခိုင်ဖြိုးပါတီဝင်များကကိုယ် စွမ်းဉာဏ်စွမ်းရှိသမျှနှင့် ပါတီဝင်တစ်ဦးချင်းစီ၏အင်အား၊ ပါတီအဖွဲ့အစည်း၏စွမ်းအားများဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ် ကြောင်း ဦးဝေလွင်က ပြောကြားသည်။


Eleven

0 comments:

Post a Comment