Monday, February 4, 2019

ရတနာပုံတက္ကသိုလ် သမဂ္ဂကျောင်းသားခုနစ်ဦးကို ဖေဖော်ဝါရီ ၁၃ ရက်၌ စွဲချက်တင်၊ မတင်အမိန့်ချမည်


မန္တလေးရတနာပုံတက္ကသိုလ် လုံခြုံရေး၊ သန့်ရှင်းရေး ၀န်ထမ်းများ တိုးမြှင့်ချထားပေးရေးနှင့် ဖမ်းဆီးခံ ကျောင်းသားများ လွှတ်ပေးရေး တောင်းဆိုရာမှ ဖမ်းဆီးခံထားရသည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ခုနစ်ဦးကို ဖေဖော်ဝါရီ ၁၃ ရက် ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်ဖြစ်ကြောင်း အမရပူရမြို့နယ်တရားရုံးမှ သိရသည်။ 
အဆိုပါ အမိန့်ချမည့်ရက် သတ်မှတ်ခြင်းကို အမရပူရ မြို့နယ်တရားရုံး၌ ဖေဖော်ဝါရီ ၄ ရက် ကပြုလုပ်သည့် ရုံးထုတ် တွင် ချမှတ်လိုက်ခြင်းဖြစ်သည်။ 

”ဒီနေ့ကအမှုနဲ့ပတ်သက်ပြီး စွဲချက်တင်သင့်၊ မတင်သင့် ဆိုတာကို အမိန့်ချမယ်လို့ပြောပေမယ့် အမိန့်မချဖြစ်ပါဘူး။ နောက်တစ်ပတ် ရုံးချိန်းကို ဇန်န၀ါရီ ၁၃ ရက်မှာ ပြန်ချိန်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျောင်းသားခုနစ်ဦး ဖမ်းဆီးထား တဲ့အပေါ် လာရောက်တွေ့ဆုံပြီး ၀န်းရံတာပါ။ ဒီလိုဝန်းရံဖို့ဆို တာက အရမ်းခက်ခဲပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ လာကြ တော့ ပြန်စုဖို့အတွက်ကျတော့ အရမ်းခက်ခဲပါတယ်”ဟု ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှအထွေထွေအတွင်းရေးမှူး ကိုသက်မောင်မောင်က ပြောဆိုသည်။ 

ကျောင်းသားများ ရုံးထုတ်တွင် ရန်ကုန်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မန္တလေးတက္ကသိုလ်များမှ ကျောင်းသားများသမဂ္ဂ၀င် ၁၀၀ ခန့် လာရောက်ဝန်းရံခဲ့ကြသည်။ 

ရတနာပုံတက္ကသိုလ်ကျောင်းသားအပြင်ဘက်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့သည့်အတွက် ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်၊ ဒုတိယဥက္ကဋ္ဌ ကိုရဲမင်းထွန်းနှင့်စည်းရုံးရေးမှူး ကိုရဲမျိုးဆွေတို့ကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်းမှဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၂ ရက်က ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုသည့် ကိုဘုန်းမြင့်ကျော်၊ ကိုမျိုးချစ်အောင် (ခ)ဘချစ်၊ ကိုနေ၀င်းကျော်နှင့် ရဲလင်းအောင်တို့ကို အမရပူရမြို့မ ရဲစခန်းမှ ရတနာပုံတက္ကသိုလ်ကျောင်းရှေ့လှုပ်ရှားမှုပြုလုပ်ရာတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ပုဒ်မလေးခုဖြင့် အမှုဖွင့်၍ ဖမ်းဝရမ်းထုတ်ပြန်ထားသူများဖြစ်သည့်အတွက် ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

ဖမ်းဆီးခံရသော ကျောင်းသားခုနစ်ဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးက တရားလိုပြုလုပ်၍ ၄၃၅/၅၀၅(ခ)/၁၁၄ နှင့် ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဥပဒေပုဒ်မ -၁၉တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

The Standard Time Daily

0 comments:

Post a Comment