Thursday, February 28, 2019

ရန်ကုန်တွင် မြို့ပတ် ရထားလမ်းသစ် ထပ်မံဖောက်လုပ်ရန် တရုတ်ကုမ္ပဏီ ကမ်းလှမ်း


ရန်ကုန်မြို့ပတ်ရထားလမ်းဟောင်းကို အခြေခံ၍ မြို့ပတ်ရထားလမ်းသစ် ဖောက်လုပ်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် CREER ကုမ္ပဏီမှ လွှတ်တော်ကိုယ်စားလှယ်များကို လာရောက်ဆွေးနွေး တင်ပြခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။ 
အဆိုပါ မြို့ပတ်ရထားလမ်း၏ ခရီးအကွာအဝေးမှာ ၃၇ ဒဿမ ၉ ကီလိုမီတာရှိမည်ဖြစ်ပြီး ပထမလမ်းကြောင်းအနေဖြင့် ကြည့်မြင်တိုင်မြို့နယ်မှ မင်္ဂလာဒုံမြို့နယ်၊ ဒုတိယလမ်းကြောင်းမှာ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်အထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

စီမံကိန်းတွင် ၁ ဒဿ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၄ လနှင့် ၃၆ လအတွင်း စီမံကိန်းပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ တင်ပြချက်အရ သိရသည်။ 

“ရှိပြီးသား လမ်းဟောင်းရဲ့ဘေးကနေ သူက ခွဲထွက်တာ။ သူ့ရဲ့လမ်းကြောင်းက မြေပြင်မှာ ရှာစရာမလိုဘူး။ ရထားလမ်း ဟောင်းရဲ့ အပြင်ဘက်ကနေ ထွက်ပြီးတော့ ဘေးကနေ ကားသွားတာ။ ပြောရမယ်ဆိုရင် သူကနေရာအသစ်ပေါ့။ ဘူတာရုံ ၂၄ ရုံလောက်ဖြစ်မယ်။ နောက်တစ်ခါ ဘူတာရုံ တစ်ရုံကို မြေဧက ၁ ဧက နဲ့ ၂ ဧကရမှ ဖြစ်မယ်။ ကျွန်တော်တို့ကတော့ သဘောမတူဘူး။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာက မြေနေရာရဖို့မလွယ်ဘူး။ ဖြစ်နိုင်မယ်မထင်ဘူး။ မီးရထားရဲ့ လမ်းဘေးဝဲယာမှာဆိုရင် ပေ ၅၀ လောက်ပိုတယ်။ မီးရထားလမ်းဟောင်းရဲ့ အပေါ်ကနေ လျှပ်စစ် တိုင်တွေထောင်ပြီးတော့ မိုးပျံရထားမျိုးဆွဲရင် ဖြစ်နိုင်တယ်။ ဒါမျိုးဆို လွှတ်တော်က သဘောတူတယ်။ အများပြည်သူရဲ့မြေနေရာဆိုရင် လွှတ်တော်က ခွင့်မပြုဘူး။ သူတို့က ပြည် ထောင်စုကိုလည်း တင်ပြရအုံးမယ်။ ပြီးရင်လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တိုင်ပင်ရအုံးမယ်။ ဒါက စီမံကန်းကြီး တစ်ခု ဖြစ်နေတယ်။ အကုန်လုံးရဲ့ သဘောတူညီချက်ကို ယူရအုံးမယ်”ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။ 

လက်ရှိတွင် ဂျပန်နိုင်ငံမှ ODA လုံးချေးငွေ ကန်ဒေါ်လာ၂၀၆.၅၃ သန်းဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယင်းအပြင် ရန်ကုန်မြို့၏ တောင်နှင့်မြောက်ကို ဆက်သွယ်မည့် ရထားလမ်းတစ်ခုကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) မှ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေကြောင်းလည်း သိရသည်။ 

စုသက်နှင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment