Thursday, February 28, 2019

သူရဦးရွှေမန်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်မှုရှိ၍ ညှိနှိုင်းမှုဖြင့် အထူးကော်မရှင်ဖျက်သိမ်းဟု ကြံ့ခိုင်ရေးပါတီပြော


သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင် ဖျက်သိမ်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ညှိနှိုင်းပြီးမှ ဖျက်သိမ်းခြင်းဟု ယူဆကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ဦးရွှေမန်း၏ ကော်မရှင် သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ရေး အတွက် မဲခွဲဆုံးဖြတ်ရာ သက်တမ်းတိုးမှုအပေါ် ကန့်ကွက်မဲများ၍ ကော်မရှင် ဖျက်သိမ်းလိုက်ရသည်။ 

ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာနန္ဒာလှမြင့်က ဒေါ်အောင်ဆန်းစုကြည်သည် ဦးရွှေမန်းအပေါ် ယုံကြည်မှုရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ လိုလားချက်များကြောင့် ကော်မရှင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ကော်မရှင်ဖျက်သိမ်းမှုတွင်လည်း ပုဂ္ဂိုလ်ရေး ညှိနှိုင်းမှုအပေါ် မူတည်ဖြစ်လာခြင်း ဟု ယူဆကြောင်းပြောသည်။ 

“ကျနော်အမြင်ပြောရရင်တော့ အဲ့လိုမျိုး တစ်ခုမှ မဟုတ်ဘူး။ ဒါတွေဟာ ကြိုတင် ညှိနှိုင်းပြီး ဆောင်ရွက်ထားတာတွေ ဖြစ်မယ်လို ယူဆတယ်။ ဘာဘဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား မပါဘဲ ဘာမှ မဖြစ်ဘူး ။ အားလုံးက ကြိုတင်ညှိနှိုင်းပြီးမှ ၊ အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း ညှိနှိုင်းပြီးမှ ဆောင်ရွက်တာ ကိစ္စတွေလို ယူဆလို ရပါတယ်။ အားလုံးက ကော်မရှင် စဖွဲ့ပြီ ဆိုကတည်းက ဦးရွှေမန်းအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်လို့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ လိုလားချက်အရ ဒါတွေက ဖြစ်လာတာ။ အခုလည်း ကော်မရှင် ဖျက်သိမ်း တာဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ ပုဂ္ဂိုလ်ရေး ညှိနှိုင်းဆောင်ရွက်မှု အပေါ် မူတည်ပြီး ဖြစ်လာတယ်လို ယူဆလို့ရပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 
သူရဦးရွှေမန်း၏ အထူးကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ၃ နှစ်အကြာတွင် ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။

Khit Thit Media 

0 comments:

Post a Comment