Wednesday, February 27, 2019

ထိုင်းဘက်မှ လိမ်လည်ဆောင်ရွက်နေသည့် အေဂျင်စီများကို အရေးယူပေးရန် မြန်မာတောင်းဆို



MoUစနစ်နဲ့ လိမ်လည်ပို့ဆောင်နေတဲ့ အေဂျင်စီတွေကို အမည်မဲစာရင်းသွင်းပြီး မြန်မာနိုင်ငံဘက်က အရေးယူဆောင်ရွက်နေသလို ထိုင်းနိုင်ငံဘက်ခြမ်းကလည်း လိမ်လည်ဆောင်ရွက်နေတဲ့ အေဂျင်စီနဲ့ လုပ်ငန်းပိုင်ရှင်တွေကို ထိရောက်စွာဆောင်ရွက်ပေးဖို့ မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးမှာ မြန်မာဘက်က တာဝန်ရှိသူတွေက တောင်းဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ(၂၇)ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့မှာပြုလုပ်တဲ့ မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးမှာ မြန်မာနယ်ခြားကော်မတီ (မြဝတီ) ဥက္ကဋ္ဌ အမှတ်(၉၇) ခြေလျင်တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဆန်းဝင်းက တောင်းဆိုခဲ့တာပါ။ 
ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမားတွေကို MoU စနစ်နဲ့ စေလွှတ်ခဲ့ရာ အချို့ထိုင်းအေဂျင်စီကုမ္ပဏီတွေက စာချုပ် ချုပ်ဆိုစဉ်က ပါဝင်တဲ့ စက်ရုံ၊ကုမ္ပဏီ လုပ်ငန်းအမျိုးအစားနဲ့ အမှန်တကယ်အလုပ်လုပ်ရမယ့် စက်ရုံ၊ကုမ္ပဏီလုပ်ငန်းတွေ မတူညီတာကို တွေ့ရှိနေရပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခက်အခဲကြုံတွေ့ရလို့ တိုင်ကြားတာတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဒုတိယဗိုလ်မှူးကြီး အောင်ဆန်းဝင်းက အစည်းအဝေးမှာ ပြောပါတယ်။

ဒါကြောင့် MoU စာချုပ်မှာ သဘောတူထားတဲ့ စက်ရုံ၊ကုမ္ပဏီလုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် လုပ်ငန်းခွင်အရောက် ပို့ဆောင်ပေးနိုင်ရေးကို ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ကိုလည်း အဲဒီဆွေးနွေးပွဲမှာ မြန်မာနယ်ခြားကော်မတီ (မြဝတီ) ဥက္ကဋ္ဌ က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေရှိပြီး ပြစ်မှုကျူးလွန်နေတဲ့ အေဂျင်စီပွဲစားတွေကို ၂၀၁၈ ခုနှစ် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ၊ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ တရားခံတွေကို တရားဥပဒေအရ အမြန်ဆုံးအရေးယူသွားမယ်လို့ ထိုင်းနယ်ခြားကော်မတီ (မဲဆောက်) ဥက္ကဋ္ဌ အမှတ်(၁၄)အထူးခြေလျင်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး အာစာလာဖွန်စူဝမ်းက ပြောကြားခဲ့ပါတယ်။


One News Myanmar



0 comments:

Post a Comment