Thursday, February 28, 2019

Daewoo ဘတ်စ်ကားများကို SKD စနစ်ဖြင့် နှစ်စဉ် အစီး ၅၀၀ ခန့်ထုတ်လုပ်၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချရန် ဒေါ်လာ ၁၀ သန်းခန့် မြှုပ်နှံထားပြီး ၂၀၁၉ ခုနှစ် မတ်တွင် စတင်ထုတ်လုပ်ရောင်းချမည်


Daewoo ဘတ်စ်ကားများကို SKD စနစ်ဖြင့် နှစ်စဉ် အစီး ၅၀၀ ခန့်ထုတ်လုပ်၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချရန် ဒေါ်လာ ၁၀ သန်းခန့်မြှုပ်နှံထားပြီး ၂၀၁၉ ခုနှစ် မတ်လအတွင်း စတင်ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ Daewoo Bus Myanmar ကုမ္ပဏီ၏ MD ဒေါက်တာကျော် ကျော်အောင်က ပြောကြားသည်။ 
Daewoo Bus Myanmar ကုမ္ပဏီကို ကိုရီးယားနိုင်ငံမှ Zyle Daewoo ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Myanmar Trade Center ကုမ္ပဏီတို့ ပူးပေါင်းကာ ၂၀၁၇ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ စက်မှုဝန်ကြီးဌာနပိုင်မြေ ၁၄ ဧကကျယ်ဝန်းသည့်မြေကွက်ကို နှစ်ရှည် ၃၅ နှစ် BOT စနစ်ဖြင့် ငှားရမ်းကာ စက်ရုံအသစ် ပြန်လည်တည်ဆောက်ခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ် မတ်လတွင် စက်ရုံစတင်ဖွင့်လှစ်ကာ Daewoo ဘတ်စ်မျေား စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။ 

လတ်တလောတွင် Daewoo City Bus BS 106 နှင့် Lestar minibus နှစ်မျိုး တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပြီး Daewoo Bus Myanmar ၏ Service Center များကိုလည်း ထောက်ကြံ့၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တည်ဆောက်သွားမည် ဖြစ်သည်။ 

“Daewoo City Bus BS 106 နဲ့ Lestar ကားတွေဟာ လက်ရှိမှာ ကိုရီးယားနိုင်ငံမှာ ထုတ်လုပ်နေတဲ့ကားတွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ခွင့်ရခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အနီးတစ်ဝိုက်နိုင်ငံတွေကို တင်ပို့ရောင်းချသွားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ကားတွေဟာ ကိုရီးယားနိုင်ငံမှာ ထုတ်လုပ်တဲ့ကားတွေနဲ့ အရည်အသွေး အတူတူပဲဖြစ်ဖို့အတွက် Zyle Daewoo ကလည်း အာမခံထားပါတယ်” ဟု ဒေါက်တာ ကျော်ကျော်အောင်က ပြောကြားသည်။ 

BS 106 နှင့် Lestar ယာဉ်များကို ကိုရီးယားနိုင်ငံတွင် လက်ရှိထုတ်လုပ်နေခြင်းဖြစ်ပြီး စက်ရုံအတွင်း Production Line များကို နိုင်ငံတကာအဆင့်မီ ကားစက်ရုံများ၏ စံချိန်စံညွှန်းများအတိုင်း တပ်ဆင်သွားမည်ဖြစ်သည်။ 

Daewoo ကုမ္ပဏီသည် လက်ရှိတွင် ကိုရီးယား၊ တရုတ်၊ ကော်စတာရီကာ၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ထိုင်ဝမ် စသည့် နိုင်ငံခုနစ်ခုတွင် SKD စနစ်ဖြင့် နှစ်စဉ်ယာဉ် အစီးရေ ၁၅၀၀၀ ကျော်ထုတ်လုပ်နေပြီး မြန်မာနိုင်ငံသည် ရှစ်ခုမြောက်ဈေးကွက်အဖြစ် လာရောက်မြှုပ်နှံခြင်းဖြစ်ကာ နှစ်စဉ်အစီး ၅ဝဝခန့်ထုတ်လုပ်မည် ဖြစ်သည်။ 

“ကျွန်တော်တို့စက်ရုံကတစ်နှစ်ကို အစီး ၅၀၀ ထုတ်လုပ်နိုင်တယ်ဆိုပေမဲ့ ကျွန်တော်တို့ ထုတ်လုပ်မှာက Order အပေါ်မူတည်ပြီး ထုတ်လုပ်သွားမှာပါ။ ဈေးနှုန်းအနေနဲ့ မီနီဘတ်စ်တစ်စီး ဒေါ်လာ ၄၅၀၀၀ နဲ့ စီးတီးဘတ်စ်က တစ်စီး ဒေါ်လာ ၈၅၀၀၀ ဝန်းကျင်ပါ။ ရန်ကုန်လိုင်စင်ပါ။ ဈေးကွက်ထဲကို ဧပြီလမှာ စဖြန့်မှာပါ”ဟု ၎င်းက ဆိုသည်။ ထိုသို့ ပြည်တွင်းသို့အစိတ်အပိုင်းများ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်သည့် SKD (Semi Knock Down ) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည်ဆိုသော်လည်း SKD တွင် အစိတ်အပိုင်း ဆယ်မျိုးခန့်သာ တပ်ဆင်ထုတ် လုပ်ခြင်းဖြစ်ပြီး လက်ရှိ Daewoo ဘတ်စ်များ ထုတ်လုပ်မှုတွင် Production Line များကို အဆင့်မှ ထုတ်လုပ်မည်ဖြစ်သည့်အပြင် အစိတ်အပိုင်း ၁ဝဝခန့် တပ်ဆင်မည်ဖြစ်သည့်အတွက် တစ်စီးလုံးတပ်ဆင်ထုတ်လုပ်သည့် CKD(Complete Knock Down) စနစ်ဖြင့် ထုတ်လုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

Eleven Media Group

0 comments:

Post a Comment