Thursday, February 28, 2019

အိမ်ထောင်သည်အမျိုးသမီး ၅ ဦးတွင် ၁ ဦးမှာ ခင်ပွန်း၏အကြမ်းဖက်ခံနေရဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြော


မြန်မာနိုင်ငံတွင် အိမ်ထောင်သည် အမျိုးသမီး ၅ ဦးတွင် ၁ ဦးသည် ခင်ပွန်းဖြစ်သူ၏ အကြမ်းဖက်ခြင်းကို ခံစားရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။ 
  
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀) တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်က ကျင်းပခဲ့သည့် ကျား၊ မ အခြေပြုအကြမ်းဖက်ခံရသူများအတွက်တစ်နေရာထဲတွင် ဝန်ဆောင်မှုများရရှိနိုင်သောဌာန (One Stop Crisis Center (OSCC) for Gender Based Violence) ဖွင့်လှစ်ခြင်းအခမ်းအနားတွင် ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ 

“(၂၀၁၅-၂၀၁၆) ခုနှစ်၊ မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်စစ်တမ်း တွေ့ရှိချက်များအရ စစ်တမ်းဖြေဆိုသူအမျိုးသမီး (၇)ဦးတွင် (၁)ဦးခန့်သည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရခြင်း၊ အိမ်ထောင်သည်အမျိုးသမီး (၅)ဦးတွင် (၁)ဦးသည် ခင်ပွန်းဖြစ်သူမှ အကြမ်းဖက်မှုကို ခံစားခဲ့ရခြင်းနှင့် ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရဖူးသူများ၏ (၂၂%)ကသာအကူအညီများ ရယူခဲ့ခြင်းတို့ကိုတွေ့ရှိရသဖြင့် ကျား၊ မ အခြေပြု အကြမ်းဖက်ခံရမှုဆိုင်ရာပြဿနာများသည် ကြီးမားပါသည်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။ 

အကြမ်းဖက်မှုခံစားရသူများတွင် စိတ်ဓါတ်ကျခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိခိုက်ခံစားရပြီးနောက် စိတ်ဖိစီးမှုဝေဒနာ (post-traumatic stress disorder) စသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြဿနာများဖြစ်ပွားနိုင်ကြောင်း သိရသည်။ 

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများထက် ကုသမှုပေးရန် ပိုမိုခက်ခဲခြင်းတို့ကြောင့် ထိုသို့မဖြစ်ပွားစေရန် စောစီးစွာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အသိပညာပေးခြင်း၊ လိုအပ်သည့်ကုသမှုများနှင့် အကူအညီများပေးအပ်ခြင်းများလိုအပ်ကြောင်းလည်း သိရသည်။ 

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၂၅ သည် အပြင်းအထန်နာကျင်စေမှုဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ- ၄၅၂တွင် နာကျင်စေမှုဟုပြဋ္ဌာန်းထားကာ မည်သူမဆိုကိုယ်ထိလက်ရောက်ကျူးလွန်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့တွင် အမှုဖွင့်လှစ်ခြင်း၊ တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန) 

0 comments:

Post a Comment