Wednesday, February 27, 2019

ပုဏ္ဏားကျွန်းမြို့နယ်၌ ဗုံးသီးတလုံးပေါက်ကွဲ၍ ဇနီးမောင်နှံသေဆုံး


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားဒေသ အထက်သင်းပုန်းတန်းရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၄ နာရီ ဝန်းကျင်လောက်က ဗုံးသီးတလုံးပေါက်ကွဲပြီး လင်မယားနှစ်ဦး သေဆုံးသွားပါတယ်။ 
မနေ့ညနေပိုင်းက ဇနီးမောင်နှံနှစ်ဦးဟာ တောင်ယာခုတ်လို့ အိမ်အပြန်မှာ တောထဲမှာကျနေတဲ့ ဗုံးသီးတလုံးကို အိမ်ကိုသယ်ဆောင်လာစဉ် လမ်းမှာပေါက်ကွဲလို့ နှစ်ယောက်လုံး သေဆုံးသွားတာလို့ ပိုးရွှီပြင် မဟာမိတ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကြံသိန်းမောင်က ပြောပါတယ်။ 

“ကျနော်တို့ သိရသလောက်တော့ သူတို့လင်မယားနှစ်ယောက်က တောင်ခုတ်ဖို့သွားတယ်။ တောင်ယာခုတ်လို့က ပြန်လာမှာ လမ်းမှာ ဗုံးသီးကိုတွေ့တယ်။ အဲ့ဒီမှာ ဗုံးသီးကို လက်နဲ့သယ်ယူလာတယ်လို့ပြောတယ်။ အဲ့ဒီမှာ အဲ့ဒီဗုံးက ပေါက်ကွဲမှုဖြစ်တယ်လို့ ပြောတယ်။ ယောက်ျားကတော့ ဖြစ်နေတဲ့နေရာမှာ ဆုံးသွားတယ်။ မိန်းမကတော့ ဆေးရုံလာတဲ့အချိန်မှာ ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားတယ်” လို့ ပြောပါတယ်။ 

သေဆုံးသူနှစ်ဦးဟာ တောဖျားဒေသ အထက်သင်းပုန်းတန်းကျေးရွာက ဦးမောင်ဦးထွန်းနဲ့ သူ့ရဲ့ဇနီး မဆန်းဝင်းတို့ဖြစ်ပြီး အလောင်းတွေကို ပိုးရွှီပြင်ဆေးရုံမှာ ပို့ဆောင်ထားပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပုဏ္ဏားကျွးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးကို မနေ့ညပိုင်းက ဖုန်းဆက်မေးမြန်းရာမှာတော့ “မိုင်းထိတယ်လို့ ကြားတယ်ဗျ။ အထက်သင်းပုန်းတန်းနဲ့ နည်းနည်းဝေးတော့ ဆက်သွယ်နေပါတယ်ခင်ဗျ။ အသေးစိတ်ကို မသိရသေးဘူး” လို့ ပြောပါတယ်။ 

ဗုံးသီးပေါက်ကွဲ လူသေဆုံးမှု ဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ 

သတင်း-ဝဏ္ဏခွာညို
DVB

0 comments:

Post a Comment