Wednesday, February 27, 2019

ရတနာပုံဆိုက်ဘာစီးတီး ကျောင်းသားသတ်ဖြတ်ခံရမှု အဓိကတရား ခံကို ကြိုးကွင်းစွပ်သတ်ရန် သေဒဏ်ချမှတ်



မန္တလေးတိုင်းဒေသကြီး နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)မှ ကျောင်းသားကိုထက်လင်းသန့်ကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်မှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ လေးဦးအနက် အဓိကတရားခံ မှုံကြီး(ခ)ပြည့်စုံအောင်(ခ)နေသူအောင်ကို ရာဇသတ်ကြီးပုဒ်မ-၃၉၆ (လူသတ်မှုပါသောဓားပြမှု)အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန်နှင့် ပုဒ်မ-၃၉၇ (သေစေရန်ဖြစ်စေ၊ အပြင်းအထန် နာကျင်စေရန်ဖြစ်စေ အားထုတ်မှုပါသော လုယက်မှု သို့တည်းမဟုတ်ဓားပြမှု) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ပြင်ဦးလွင်ခရိုင်တရားရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။ 
အထက်ပါအမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိခဲ့သူ ကုဋေစိုးကိုပုဒ်မ-၃၉၆ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်၊ စူးရှ(ခ)ကျော်ကျော်သင်းမှာ အသက်(၁၈) နှစ်မပြည့်သေးသည့် လူငယ်တစ်ဦးဖြစ်ပြီးဥပဒေအရ အမြင့်ဆုံးချမှတ်နိုင်သည့်ပြစ်ဒဏ်မှာ ၁၀ နှစ်သာရှိသည့်အတွက်ထောင်ဒဏ် ၁၀ နှစ်၊ နှစ်တစ်(ခ)ကိုကိုမောင်(ခ)ညီညီအောင်မှာ အသက် (၁၆) နှစ်မပြည့်သေးသည့်အတွက် အမှုစစ်စဉ်ကပင် မြို့နယ်ကလေးသူငယ်တရားရုံးတွင် စစ်ဆေးပြီး ပုဒ်မ-၃၉၆ အတွက်ထောင်ဒဏ် ခု နစ်နှစ်၊ ပုဒ်မ-၃၆၇အတွက်ထောင်ဒဏ် ခုနစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သော်လည်း ကလေးသူငယ်ဥပဒေအရထောင်ဒဏ် ခုနစ်နှစ်ထက် ပိုမိုအပြစ်ပေးနိုင်ခြင်းမရှိသည့်အတွက် ထောင်ဒဏ်ခုနစ်နှစ်ကိုသာ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ 
”ဒီအမှုမှာ မှုံကြီးက အဓိကပြစ်မှုကျူးလွန်သူ သုံးဦးမှာ တစ်ဦးဖြစ်တယ်။ဒါကြောင့် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ထိုက်တယ်လို့ တရားသူကြီးက သုံးသပ်ပါတယ်။ စူးရှလို့ခေါ်တဲ့ တစ်ယောက်ကတော့ အသက် (၁၈) နှစ်မပြည့်သေးတဲ့သူဖြစ်နေတဲ့အတွက် ကလေးသူငယ်ဥပဒေအရကျတော့ သူ့ကိုထောင်ဒဏ်၁၀ နှစ်ထက်ပိုပြီး ချလို့မရတဲ့အတွက်ရာဇသတ်ကြီးမှာ သတ်မှတ်ထားတဲ့ပြစ်ဒဏ်က ကလေးသူငယ်ဥပဒေမှာပါတဲ့ပြစ်ဒဏ်ကို ကျော်လွန်လို့မရဘူး။ ဒါကြောင့် ပြစ်ဒဏ်တွေက ကွဲသွားတာပါ”ဟု ပြင်ဦးလွင်ခရိုင်တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်သန္တာရှင်က ပြောကြားသည်။ 
အဆိုပါတက္ကသိုလ် ဒုတိယနှစ်၊သတင်းအချက်အလက်နှင့် ဆက်ဆံရေးနည်းပညာ (ICT) မေဂျာတွင် တက်ရောက်နေသည့် ကိုထက်လင်းသန့်နှင့်မဇူးဇူးဟန်ကိုတို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၆ ရက် ညနေ ၃ နာရီခွဲခန့်က ရိုက်နှက်လုယက်ခံရကာ သေဆုံးမှုနှင့်ပတ်သက်၍ မှုံကြီး(ခ)နေသူအောင်၊ ကုဋေစိုး(ခ)ငစိုး၊ စူးရှ(ခ)ကျော်ကျော်သင်း၊ နှစ်တစ်(ခ) ကိုကိုမောင် (ခ) ညီညီအောင်တို့ကိုဖမ်းဆီးရမိခဲ့ပြီး ငမိုး(ခ)မိုးကြီး(ခ)ကျော်နိုင်မင်းကို ဖမ်းဆီးနိုင်ခြင်းမရှိသေးသော်လည်း ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ဖမ်းဝရမ်းထုတ်ထားပြီး ၎င်းင်း၏ မျက်ကွယ်တွင် ရုံးချိန်းပေါင်း ၁၀ ချိန်း၊ ရက်ပေါင်း ၅၂ ရက်အထိစစ်ဆေးခဲ့ကာ ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ 
”ကျွန်တော်တို့ သဘောအရတော့အားလုံးကို အတူတူကျခံစေချင်တာပေါ့။ဒါပေမဲ့ ဥပဒေကြောင်းအရကျတော့သူတို့ ကို ပြစ်ဒဏ်က တန်းတူချလို့မရဘူး။ဒါတော့ ကျွန်တော်တို့လည်း ဘာမှပြောလို့မရပါဘူး။ချလိုက်တဲ့ပြစ်ဒဏ်တွေကသူ့ဟာနဲ့သူတော့အမြင့်ဆုံးဖြစ်တဲ့အတွက်ကျေနပ်တယ်လို့ပြောလို့ရတယ်။သေဆုံးသူတွေရဲ့ မိဘတွေက မကျေနပ်ဘူးဆိုရင်တော့ အထက်တရားရုံးကိုဆက်တက်နိုင်ဖို့ စီစဉ်သွားမှာပါ”ဟုနည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုခွန်နိုင်ပြည့်ထွန်းက ပြောဆိုခဲ့သည်။ 


The Standard Time Daily

0 comments:

Post a Comment