Thursday, February 28, 2019

ပခုက္ကူဆိပ်ကမ်းအနီး ဧရာဝတီမြစ်ရေအနည်းငယ် မြင့်တက်လာသော်လည်း နေရာအချို့တွင် ရေအနက်နှစ်ပေခန့်သာရှိသည့်အတွက် မော်တော်နှစ်စင်းသာ ဆိုက်ကပ်နိုင်


ပခုက္ကူဆိပ်ကမ်းအနီး ဧရာဝတီမြစ်ရေမှာ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ အနည်းငယ် မြင့်တက်လာသော်လည်း နေရာအချို့တွင် ရေအနက် နှစ်ပေခန့်သာရှိသည့်အတွက် မော်တော်နှစ်စင်းသာ ဆိုက်ကပ်နိုင်ကြောင်း မော်တော်ဆလင်များထံမှ သိရသည်။ 
မြစ်ရေဆက် လက်မြင့်တက်လာမှသာ ဆိပ်ကမ်းတွင် မော်တော်များဆိုက်ကပ်ရန် အဆင်ပြေနိုင်မည်ဖြစ်ပြီး လက်ရှိတွင် အချို့မော်တော်များမှာ ကုန်ချရန် တစ်လနီးပါး စောင့်ဆိုင်းရကြောင်း၊ အချို့မှာညောင်ဦး ဘက်ခြမ်းဆိပ်ကမ်းတွင် ဆိုက်ကပ်၍ ကုန်စည်သယ်ယူမှု ပြုလုပ်နေကြောင်း သိရသည်။ 

“လက်ရှိကတော့ ဆိပ်ကမ်းက မော်တော်နှစ်စင်းထက်ပိုကပ်လို့ မရဘူး။ တစ်စင်း ပြီးမှ နောက်တစ်စင်း ကမ်းကပ်ပြီးချရတယ်။ ဒီအချိန်က ပခုက္ကူကို ဆန်ပို့ချိန်ဆိုတော့ မော်တော်က များတယ်။ တချို့ရက်တွေဆို ၁၀ စင်းလောက်စောင့်ရတယ်။ မော်တော်တစ်စင်း ဆန်ချဖို့ တစ်လလောက်စောင့်ရတယ်။ တစ်ခါတစ်လေ တစ်လကျော်ကြာတယ်။ မော်တော်သမားတွေအတွက် နေ့တွက်စရိတ်တွေ ပိုကုန်တယ်။ တစ်လနှစ်ခေါက်လောက် ရနေကျကို လက်ရှိတော့ တစ်လတစ်ခေါက် ရဖို့ကိုမလွယ်ဘူး” ဟု မော်တော်ဆလင်တစ်ဦးက ပြောကြားသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင် ပခုက္ကူဆိပ်ကမ်းအဝင်ရေလမ်းကြောင်းမှာ မော်တော်များ ဝင်ထွက်နိုင်ခြင်း မရှိတော့သည့်အတွက် မော်တော်လုပ်ငန်းရှင်များ စုပေါင်း၍ သဲစုပ်စက်လှေများ ငှားရမ်းကာ ရေအနက်ကောင်းမွန်ရန် သဲစုပ်ခြင်းများ လုပ်ဆောင်ခဲ့ရသည်။ 

ယခင် ရေအနက်ကောင်းမွန်စဉ် ဆိပ်ကမ်း၌ မော်တော်ခြောက်စင်းခန့် တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တစ်နေ့လျှင် ဆန်အိတ်ရေ ၁၀၀၀၀ မှ ၂၀၀၀၀ အထိ သယ်ယူနိုင်သော်လည်း ယခုအခါ မော်တော်နှစ်စင်းသာ ဆိုက်ကပ်နိုင်ခြင်းကြောင့် တစ်နေ့လျှင် ဆန်အိတ်ရေ ၅၀၀၀ ခန့်သာ သယ်ယူနိုင်တော့ကြောင်း သိရသည်။ 

“ကုန်ထုတ်ဖို့ကတော့ အတော်ခက်သွားတယ်။ ကုန်စည်စီးဆင်းမှု နှေးသွားတယ်။ တချို့ကုန်သည်တွေက ညောင်ဦးဘက်ခြမ်း မော်တော်ကပ်ခိုင်းပြီး ကုန်ထုတ်ရတယ်။ အဲဒီလိုထုတ်ဖို့ ပုံမှန်ဆန်တစ်အိတ် သယ်ယူစရိတ် ၁၀၅ ကျပ်ကနေ ၂၁၀ ဖြစ်သွားတယ်။ ထပ်ကုန်တဲ့သယ်ယူစရိတ် ၁၀၅ ကျပ်ကို ကုန်သည်တစ်ဝက် မော်တော်သမားတစ်ဝက်ဆီ အကုန်ခံပြီး သယ်ရတာရှိသလို မော်တော်သမားကချည်း ညောင်ဦးဘက်သယ်စရိတ် ၁၀၅ ကျပ်လုံး အကုန်ခံရတာတွေ ရှိတယ်။ အဆင်ပြေသလို လုပ်နေရတယ်။ လက်ရှိဆိပ်ကမ်းမှာ ဆန်စောင့်ထုတ်မယ်ဆိုရင် အတော်ကို မလွယ်ဘူး” ဟု ပခုက္ကူမြို့မှ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုထက်က ဆိုသည်။ 

ဆိပ်ကမ်းလုပ်သားများမှာ ယခင် တစ်နေ့လျှင် ကုန်ထမ်းခ ကျပ် ၈၀၀၀ မှ ၁၂၀၀၀ အထိ ရရှိသော်လည်း ယခုအခါ မော်တော်ဆိုက်ကပ်နိုင်သည့်အစင်းရေ လျော့နည်းသွားခြင်းကြောင့် ကုန်စည်သယ်ယူမှုပါ လျော့ကျ သွား၍ တစ်နေ့လျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ သာ ဝင်ငွေရှိတော့ကြောင်း သိရသည်။ 

ပခုက္ကူဆိပ်ကမ်းမှာ ပြီးခဲ့သည့်နှစ်အနည်းငယ်မှစ၍ ရေနည်းကာလများတွင် မော်တော်များဆိုက်ကပ်ရန် နေရာအခက်အခဲကြုံတွေ့လာရပြီး ဆိပ်ကမ်းအနီး မြစ်ကြောင်းတိမ်ကောလာမှုအား ပြုပြင်ခြင်းမရှိပါက လာမည့်နှစ်အနည်းငယ်အတွင်း ပခုက္ကူဆိပ်ကမ်း ပျောက်ကွယ်သွားနိုင်ကြောင်း မော်တော်လုပ်ငန်းများက သုံးသပ်သည်။ 

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ဖေဖော်ဝါရီ ၂၈ ရက်တိုင်းထွာချက်အရ ၁၁၉၃ စင်တီမီတာရှိပြီး မတ်လပထမ ၁၀ ရက်ပတ် နှင့် လပတ်အတွင်း ပခုက္ကူမြို့အနီး မြစ်ရေမှာ လက်ရှိရေအမှတ်အထက် တစ်ပေမှ သုံးပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

Eleven Media Group

0 comments:

Post a Comment