Thursday, February 28, 2019

အိုစမာဘင်လာဒင်ရဲ့သားတစ်ဦးကို အမေရိကန်က ဆုငွေ ဒေါ်လာ ၁ သန်း ထုတ်


အသတ်ခံခဲ့ရပြီးဖြစ်တဲ့ အယ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့  သားတစ်ဦးနဲ့ ပက်သက်လို့  သတင်းပေးနိုင်သူကို ဒေါ်လာ ၁ သန်းချီးမြှင့်မယ်လို့  အမေရိကန်ပြည်ထောင်စု က ကြာသပတေးနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။ ယင်း သားဖြစ်သူဟာ အစွန်းရောက် ကွန်ရက်ရဲ့  ခေါင်းဆောင်သစ်တစ်ဦးဖြစ်လာဖို့  ရှုမြင်ခံထားရသူပါတယ်။ 
  
တစ်ခါတရံမှာ ဂျီဟတ် အိမ်ရှေ့ စံအဖြစ် အမည်တပ်ခံရလေ့ရှိတဲ့ ဟမ်ဇာဘင်လာဒင် ရှိနေတဲ့နေရာဟာ ပါကစ္စတန်မှာလို့ သတင်းတွေထွက်ခဲ့သလို၊ အာဖဂန်နစ္စတန် သို့ မဟုတ် အီရန်မှာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေတယ်ဆိုတဲ့ မှန်းဆသတင်းတွေလည်း ထွက်ခဲ့ပါတယ်။ 

ဟမ်ဇာဘင်လာဒင်ဟာ သေဆုံးသူ အယ်ကေဒါခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင်ရဲ့  သားဖြစ်ကာ အယ်ကေဒါရဲ့ အသစ်တက်လာမယ့် ခေါင်းဆောင်တစ်ဦးအဖြစ် မဲပေးရွေးချယ်ခံခွင့်ရှိသူဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ၄င်း ဘယ်နိုင်ငံမှာ ရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်ပေးနိုင်သူကို ဒေါ်လာ ၁ သန်း ချီးမြှင့်သွားမှာဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

အမေရိကန်ရဲ့  ဖော်ပြမှုအရ အသက် ၃၀ ၀န်းကျင်ရှိ ဟမ်ဇာဟာ ၂၀၁၁ ခုနှစ်က သူ့ အဖေသတ်ဖြတ်ခံခဲ့ရမှုကို လက်စားချေတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့  ခြိမ်းခြောက်ထားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ အဘိုတာဘတ်မြို့ မှာ ပုန်းအောင်းနေခဲ့တဲ့ အိုစမာဘင်လာဒင်ကို ၂၀၁၁ ခုနှစ်မှာ အမေရိကန် အထူးတပ်ဖွဲ့ တွေက စီးနင်းသတ်ဖြတ် ခဲ့တာဖြစ်ပါတယ်။ 

ဟမ်ဇာဟာ ကမ္ဘာလုံးဆိုင်ရာ အစွန်းရောက်ဝါဒကို လွှမ်းမိုးဦးဆောင်ဖို့ အတွက် အထူးသဖြင့် ဆီးရီးယားမှာ အစွန်းရောက်အိုင်အက်စ်တွေ နယ်မြေလက်လွှတ်ရမှုကြုံလာချိန် မှာ အရေးပါတဲ့ ခေါင်းဆောင်မှုနေရာအတွက် ၄င်းဖခင်ရဲ့  နေရာကို ဆက်ခံမယ့်သူ တစ်ဦးအဖြစ် အမေရိကန် ထောက်လှမ်းရေးက မြင့်မြင့်မားမား ရှုမြင်သုံးသပ်ထားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က အသံဖိုင်တစ်ခု ထုတ်လွှင့်ခဲ့ရာမှာ ဆီးရီးယားမှာရှိတဲ့ စစ်သွေးကြွတွေ ညီညွတ်ကြဖို့  ဟမ်ဇာက တိုက်တွန်းခဲ့ကာ ဆီးရီးယားပြည်တွင်းစစ်မှာ တိုက်ခိုက်နေမှုဟာ ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် အခြေတည် လမ်းကြောင်းပေးခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် နောက်တစ်နှစ်အကြာမှ ထုတ်ပြန်တဲ့ အသံဖိုင်မှာတော့ သူ့ ဖခင်ရဲ့ ခြေရာအတိုင်းလိုက်ကာ မွေးရပ်မြေ ဆော်ဒီအာရေဗျနိုင်ငံ ခေါင်းဆောင်ပိုင်းကို ဖြုတ်ချဖို့  တိုက်တွန်းဆော်သြခဲ့ပါတယ်။ 

ကိုလင်း (အကုန်သိ သတင်းဌာန) | Ref:CNA

0 comments:

Post a Comment