Wednesday, February 27, 2019

ကြယ်လိပ်ကောင်ရေ ၅၀၀ ကို ရွှေစက်တော်ဘေးမဲ့တောသို့လွှတ်


မြန်မာနိုင်ငံတွင်သာရှိပြီး ဌာနေဖွားမျိုးစိတ်တစ်မျိုးဖြစ်သည့် မြန်မာ့ကြယ်လိပ်ကောင်ရေ ၅၀၀ ကို မွေးမြူထိန်းသိမ်းပြီးနောက် ၎င်းတို့၏နေရင်းဒေသဖြစ်သည့် ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းသို့ စေလွှတ်ပေးခဲ့ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 
အဆိုပါလိပ်များကိုစေလွှတ်ရာတွင် WCS/TSA မှ ပညာရှင်များနှင့် ဥယျာဉ်ဝန်ထမ်းများပူးပေါင်းကာ ကျန်းမာရေးစစ်ဆေးခြင်း၊ ပိုးသတ်ဆေးထိုးပေးခြင်း၊ ကိုယ်ပိုင်နံပါတ်အမှတ်အသားပြုလုပ်ပေးခြင်းနှင့် မိုက်ခရိုချစ်ထည့်သွင်းပေးခြင်း စသည့်တို့ကိုပြုလုပ်ခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။ 

ယခုစေလွှတ်မှုသည် ငါးကြိမ်မြောက်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ကောင်ရေ ၅၀၊ ၂၀၁၄ ခုနှစ်တွင် ကောင်ရေ ၁၅၀၊ ၂၀၁၅ ခုနှစ်တွင် ကောင်ရေ ၁၅၀နှင့် ၂၀၁၈ ခုနှစ်တွင် ကောင်ရေ ၈၀၀ စုစုပေါင်းကောင်ရေ ၁၁၅၀ ကို စေလွှတ်ခဲ့သည်။ 

လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး ၄၂ ကောင်၊ အမ ၄၀ ကောင် စုစုပေါင်းစတင်မွေးမြူခဲ့ရာ ယခုနှစ်တွင် နေရင်းဒေသသို့ စေလွှတ်ပေးခဲ့သည့် ကြယ်လိပ်များအပါအဝင် ကောင်ရေ ၆၀၀၀ ခန့်တိုးပွားလာကြောင်း၊ လက်ရှိအရွယ်စုံ ကြယ်လိပ်ကောင်ရေ ၄၅၀၀ ကျော်ကျန်ရှိနေပြီး ဥအလုံးရေ ၂၇၀၀ ခန့်ရှိကာ ဥအုရာသီကုန်ဆုံးချိန်မတ်လတွင် ဥအလုံးရေ ၃၀၀၀ ခန့်ရှိလာမည်ဖြစ်ကြောင်း၊ ထပ်မံ၍သားပေါက်ရာသီတွင် ကောင်ရေ ၁၅၀၀ ခန့်ပေါက်ဖွားလာနိုင်ကြောင်း ထိန်းသိမ်းရေးလုပ်ဆောင်နေသူများက ခန့်မှန်းထားသည်။ 

ဓာတ်ပုံ- Shwe Htay Aung
The Voice

0 comments:

Post a Comment