Thursday, February 28, 2019

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် မြို့နယ် ၁၄ မြို့နယ်တွင် YESC နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၀ ခုရှိ


ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် မြို့နယ် ၁၄ မြို့နယ်တွင် YESC နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၀ ခုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြောကြားသည်။
အလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က မြို့နယ် YESC နှင့် ဖရန်ချိုင်းကုမ္ပဏီများ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် စာချုပ်ပါ အချက်အလက်များတွင် မည်ကဲ့သို့ တာဝန်ယူရသည်ကို ပြည်သူလူထု သိရှိရန် ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ချပြရန်အစီအစဉ် ရှိ မရှိ၊ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဝန်ဆောင်မှုပေးရာတွင် မည်ကဲ့သို့သော အားနည်းချက်များ ရှိနေခြင်းနှင့် လိုအပ်ချက်များ ရှိနေသည်ကိုလည်း ပြည်သူလူထုသိရှိရန် ရှင်းလင်းပြောကြားရန် အစီအစဉ် ရှိ မရှိ၊ ကုမ္ပဏီများ၏ ဝန်ဆောင်မှု အားနည်းချက်များကို အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ၊ ဖရန်ချိုင်း ကုမ္ပဏီအနေဖြင့် တာဝန်ယူထားရသည့် မြို့နယ်များအတွက် အရေးပေါ်လိုအပ်လျှင် အသုံးပြုရန် အရန်ပစ္စည်းများ ထားရှိပေးရန် နှင့် မြို့နယ် နှင့် ဖရန်ချိုင်း ကုမ္ပဏီများအကြား လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကြန့်ကြာမှုမရှိဘဲ အင်တိုက်အားတိုက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိကို သိရှိလိုကြောင်း မေးခွန်းအား ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“မြို့နယ် YESC နှင့် ဖရန်ချိုင်းကုမ္ပဏီများနဲ့ဆောင်ရွက်ရတာမဟုတ်ဘဲနဲ့ ရန်ကုန် လျှပ်စစ်ဓာတ်အားကော်ပိုးရေးရှင်းအနေနဲ့ ဖရန်ချိုင်းကုမ္ပဏီများနဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနဲ့ ဖရန်ချိုင်းကုမ္ပဏီများရဲ့ ဆောင်ရွက်မှုက ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနက ထိန်းကျောင်းပေးမှု ဖြစ်ပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကိုယ်စား ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးမှာ ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို ဖရန်ချိုင်းတာဝန်ပေးခဲ့တဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်ရှိပြီး ဖရန်ချိုင်းကုမ္ပဏီ အရေအတွက် ၁၀ ခုရှိပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။ 

ထို့ပြင် ဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် စာချုပ် မချုပ်ဆိုရသေးသည့် ကုမ္ပဏီများကို အကြိမ်ကြိမ် အကြောင်းကြားထားသော်လည်း ယခုအချိန်ထိ စာချုပ် မချုပ်ဆိုရသေးသည့် ကုမ္ပဏီ လေးခုရှိကြောင်း၊ စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီများကလည်း စာချုပ်ပါအတိုင်း Bank Warranty ပေးသွင်းရမည် ဖြစ်သော်လည်း Bank Warranty ပေးသွင်းပြီးသည့် ကုမ္ပဏီနှစ်ခုသာ ရှိကြောင်း၊ မပေးသွင်းရသေးသည့် ကုမ္ပဏီ ရှစ်ခုရှိကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။ 

“ ဖရန်ချိုင်းကုမ္ပဏီတွေ အနေနဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ ချုပ်ဆိုသော စာချုပ်ပါ အချက်အလက်များကို ပြည်သူတွေသိရှိအောင် ထုတ်ပြန်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဖရန်ချိုင်းကုမ္ပဏီ ဆောင်ရွက်မှု အခြေအနေပေါ် မူတည်ပြီး ပြည်သူများ သိသာစေရန် ရှင်းလင်းသွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။ 

ဖရန်ချိုင်းကုမ္ပဏီများ၏ ပဋိညာဉ်စာချုပ်ပါ အချက်အလက်အတိုင်း ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ရန် ဗို့အား 11 KV နှင့်အောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ဓာတ်အားစနစ်ကောင်းမွန်ရေး၊ ဓာတ်အားဖွံ့ဖြိုးရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံခြင်းများ၊ ဝန်ကြီးဌာန မှအတည်ပြုပြီးသော အချိန်ကာလ အပိုင်းအခြားအတိုင်း ဆောင်ရွက်ပြီးပါက ပြည်သူများကို ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment