Thursday, February 28, 2019

MoU စနစ်ကို ခုတုံးလုပ်ပြီး လိမ်လည်နေသော အေဂျင်စီများ အရေးယူပေးရေးအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ ဖြေရှင်းနိုင်ရန် ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေး ပြုလုပ်


မြန်မာ-ထိုင်း နယ်စပ်စည်းခြား သောင်ရင်းမြစ် ရေရှည်အသုံးပြုနိုင်ရေး၊ MoU စနစ်ကို ခုတုံးလုပ်ပြီး လိမ်လည်နေသော အေဂျင်စီများ အရေးယူပေးရေးအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းပြဿနာများ ဖြေရှင်းနိုင် ရေးအတွက် ထိုင်း-မြန်မာမြို့နယ်အဆင့် ၄၃ ကြိမ်မြောက် နယ်ခြားကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီက ထိုင်းနိုင်ငံ မဲဆောက်ရှိ ကမ်းဖဲဖစ်တက္ကသိုလ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
(၄၃) ကြိမ်မြောက် အစည်းအဝေးသို့ မြဝတီမြို့မှ နယ်ခြားကော်မတီဥက္ကဋ္ဌ အမှတ် ၉၇ ခြေလျင်တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ မဲဆောက်မြို့ နယ်ခြားကော်မတီဥက္ကဋ္ဌ အမှတ် ၁၄ အထူးတပ်ရင်းမှူး ဗိုလ်မှူးကြီး ဖွန်စူဝမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နှစ်ဘက်လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။ 

နှစ်နိုင်ငံ နယ်ခြားသောင်ရင်းမြစ် ရေရှည်အဓွန့်ရှည်ရေးအတွက် သောင်ရင်းမြစ်အတွင်း အမှိုက်ပစ်နေခြင်းများကို ထိန်းသိမ်းရန်၊ တောမီးများရှို့နေမှုများ၊ ရေလယ်ကျွန်းတွင် မူးယစ်ဆေးဝါးများ ရောင်းချမှုများ၊ ထိုင်းနိုင်ငံဘက်မှ ဆိုင်ကယ်နှင့် ကားများအား ခိုးယူသယ်ဆောင်နေမှုများ၊ တရားမဝင် သဲစုပ်နေမှုများ၊ နယ်ခြားကော်မတီများ အသိမပေးဘဲ ကမ်းထိန်းနံရံပြုလုပ်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ 

နယ်စပ် ဖြတ်ကျော်ပြီး လက်နက်ခဲယမ်းများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်မှုများနှင့် အဖျက်အမှောင့်လုပ်ငန်းများ မပြုလုပ်နိုင်ရေးကိစ္စများ၊ ဒုစရိုက်သမားများက ပြစ်မှုကျူးလွန်ကာ နှစ်ဘက်မြို့များသို့ ခိုအောင်းမှုများ မရှိစေရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။ 

မဲဆောက်မြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုတွင် သက်သေခံပစ္စည်းများ ထုတ်ပေးနိုင်ရေးကိစ္စများ၊ ထိုင်းဘက်မှ ဆိုဒီယမ်ဆိုင်ရာနိုက်များကို မြန်မာဘက်က ဝယ်ယူရာ၌ စိစစ်ရောင်းချပေးရေးကိစ္စများကို ဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံဘက်မှ MoU ဖြင့်သွားသော မြန်မာအလုပ်သမားများအား ထိုင်းဘက်ရှိ လုပ်ငန်းခွင်သို့ မှန်ကန်စွာရောက်ရှိနိုင်ရေးကိစ္စများ၊ သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းကင်းလှည့်ဆောင်ရွက်နိုင်ရေးကိစ္စများ စသည်များကို အပြန်အလှန်ဆွေးနွေး ကြသည်။ 

Eleven Media Group

0 comments:

Post a Comment