Thursday, February 28, 2019

ဧရာဝတီတိုင်းလွှတ်တော်အတွင်း အုပ်စုဖွဲ့ခြင်း၊ သတင်းထောက်များကို ကိုယ်ပိုင်သတင်းထောက်အဖြစ်ထားရှိခြင်း၊ ကိုယ်စားလှယ်များအား ကိုယ်ပိုင်လူယုံအဖြစ်ထားရှိခြင်းနှင့် အဂတိလိုက်စားခြင်းများရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား


ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အတွင်း အုပ်စုဖွဲ့ခြင်းများ၊ သတင်းထောက်များကို ကိုယ်ပိုင်သတင်းထောက်အဖြစ်ထားရှိခြင်းများ ကိုယ်စားလှယ်များကို ကိုယ်ပိုင်လူယုံအဖြစ် ထားရှိခြင်းများရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။ 
တိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရအား အယုံအကြည်မရှိဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် စာတင်ခဲ့ပြီးနောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ တက်ရောက်ခဲ့ခြင်းမရှိဘဲ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ စတင်ကာ မဲဆန္ဒနယ်ရှင် ပြည်သူများအကျိုးအတွက် လွှတ်တော်ပြန်လည်တက်ရောက်ခဲ့သည့် ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မြင့်မြင့်စန်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“လွှတ်တော်ကို နုတ်ထွက်စာတင်တယ်လို့ ကြားထားတာမှန်တယ်။ ဒီနေ့ဘာကြောင့် ပြန်တက်လဲဆိုတာလဲ သိချင်တယ်ဟုတ်ပြီ၊ ဘာကြောင့် နုတ်ထွက်စာတင်လဲဆိုတာ ဒေသခံပြည်သူတွေရှိတာပေါ့။ ဒေသခံပြည်သူတွေဆိုတာ အန်တီတို့ ကိုယ်စားလှယ်တွေကို အားကိုးတယ်လေ၊ သူတို့အခက်အခဲတွေကို တင်ပြကြတယ်လေ။ သူတို့ရဲ့ အခက်အခဲတွေ လိုအင်ဆန္ဒတွေ ဒေသအခြေအနေမှန်တွေကို မေးခွန်းတွေလိုချင်တယ်၊ အကြောင်းကြားတယ်ပေါ့။ မေးခွန်းတွေ အဆိုတွေမှာလည်း တင်ပြရင်းနဲ့ပဲ တင်ပြအကြောင်းကြားပေးတယ်။ ဒါပေမဲ့ ဒီလိုတင်ပြချက်တွေကို အလေးထားဆောင်ရွက်မှု မရှိတဲ့အခါကျတော့ အန်တီတို့ကို အားကိုးတဲ့ ပြည်သူတွေရဲ့ ဒေါသတွေ၊ သောကတွေကိုပဲ ခံစားရတယ်။ အဲ့ဒါကိုယ် စားလှယ်တွေက ခံစားရတာလေ။ အဲဒီတော့ အန်တီက စိတ်မကောင်းဖြစ်တယ်။ အဲဒါကို ပြန်ပြီးတော့ စဉ်းစားလိုက်တော့ ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ လွှတ်တော်ထဲမှာ မေးခွန်းတွေမေးတယ်။ မေးတဲ့အခါမှာ ဖြေရမယ့်သူက တစ်ယောက်၊ ဖြေတဲ့သူက တစ်ယောက်။ မေးလိုက်တဲ့ မေးခွန်းကတစ်မျိုး၊ ဖြေတဲ့အဖြေက တစ်မျိုး၊ အဖြေမှာလည်း ဘယ်လိုမျိုးဆောင်ရွက်ပေးပါမယ်၊ ဘယ်အချိန်မှာ ပြန်လည်ဖြေကြားပေးပါမယ်လို့ ပြောထားပေမဲ့ ပြန်မဖြေပေးတာတွေလည်း ရှိတယ်။ အဲဒါကျတော့ လွှတ်တော်ရဲ့အားနည်းချက်တွေ ဖြစ်သွားတာပေါ့နော်။ အဆိုနဲ့ပတ်သက်ရင်လည်း အဆိုထဲမှာ ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေးပြ၊ နားထောင်ပဲ နားထောင်သွားလိုက်တယ်။ လိုက်ပြီးတော့ ဆောင်ရွက်ပေးကြတာ မရှိကြဘူးလေ။ အခွင့်အရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ စဉ်းစားလိုက်ပြန်တော့လည်း သတင်းတွေက အများကြီးပဲ။ အန်တီက အပြင်ကို သိပ်မထွက်ဘူး။ သတင်းသိတဲ့သူတွေက လာလာပြောကြတယ်။ အဲဒီတော့ လွှတ်တော်ထဲမှာလည်းပဲ အုပ်စုဖွဲ့တာတွေရှိတယ်။ သတင်းထောက်တွေကို ကိုယ်ပိုင်သတင်းထောက်အဖြစ် ဖွဲ့တာရှိတယ်။ ကိုယ်စားလှယ်တွေကို ကိုယ်ပိုင်လူယုံအဖြစ် ထားတာရှိတယ်။ ဒါတွေက မဖြစ်သင့်ဘူးပေါ့။ တန်းတူပဲဖြစ်ရမယ်ပေါ့ တစ်ယောက်က တစ်ယောက်အတွက် ကြားခံပြီးတော့ အန်တီ့ကို မေးလာပြီ၊ တစ်ယောက်က ဒီမှာတော့ အဂတိမလိုက်ဘူး။ အပြင်မှာတော့ အဂတိလိုက်တယ်။ သတင်းတွေ အများကြီးကြားရတယ်။ အစောတုန်းကလို ကတိဝန်ခံချက်တွေပေါ့။ သစ္စာဆိုသွားတယ် မိမိထမ်းဆောင်ရမယ့် တာဝန်တွေကို ဖြောင့်မတ်မှန်ကန်စွာဖြင့် ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်း ရှိသရွေ့ ကြိုးစားမယ်ဆိုတာ။ တကယ်ရော ဖြောင့်မတ်ရဲ့လားဆိုတာ အန်တီက စိတ်ပျက်လာတယ်၊ သတင်းအရပေါ့နော်။ ကြားသိရတာ၊ အဲဒီလိုကြားသိရတာတွေကို အန်တီက ဒါဆိုရင် အချက်အလက်မှန်မှန်ပေးပါဆိုရင်လည်း မပေးကြဘူး။ ဒါ့ကြောင့် အားလုံးကို ခြုံကြည့်လိုက်ရင် ပြည်သူအတွက်လည်း အဆင်မပြေဘူး၊ လွှတ်တော်နဲ့ အစိုးရပိုင်းကလည်း ထိန်းညှိမှုမပြုနိုင်ဘူး။ ပြဿနာတွေကို ဖြစ်နေတာတွေကို လွှတ်တော်ကလည်း သိတယ်၊ အစိုးရပိုင်းကလည်း သိတယ်။ ညှိနှိုင်းဆောင်ရွက်ပေးတာ မရှိကြဘူး။ တော်တော်လေး အခြေအနေဆိုးတယ်။ ဒါကြောင့် အန်တီက ဒေသပြည်သူတွေအတွက် နုတ်ထွက်ဖို့လိုလို့ နုတ်ထွက်လိုက်တာ။ ဒါပေမဲ့ ပြန်ပြီးတော့ ဆရာတို့နဲ့ ဆွေးနွေးလိုက်တဲ့အခါကျတော့ ဒေသပြည်သူအတွက်ပဲ ပြန်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ပြန်တက်ခြင်းဖြစ်ပါတယ်” ဟု ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။ 

ဆက်လက်၍ ဒေါ်မြင့်မြင့်စန်းက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင် ပြည်သူများအကျိုးအတွက် အမှန်တကယ်လုပ်ဆောင်ရန် လိုအပ်နေသေးပြီး အစိုးရအဖွဲ့အနေဖြင့်လည်း လွှတ်တော်၏ တိုက်တွန်းချက် မေးခွန်းအဆိုများကို အလေးအနက်ထား အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ 

Photo Crd 
Eleven

0 comments:

Post a Comment