Wednesday, February 27, 2019

စာမေးပွဲဖြေဆိုမည့်ကျောင်းသားများထံမှ ကောက်ခံထားသည့်ငွေများအား ပြန်လည်ပေးအပ်ရန် ညွှန်ကြား


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောင်းဘွယ်အထကစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုမည့် ဆယ်တန်းကျောင်း သူ/သားများထံမှ တစ်ဦးလျင်ငွေကျပ် ၁၀၀၀၀ စီကောက်ခံထားကြောင်း ကျောင်းသားများကပြောသည်။ 
အဆိုပါကောက်ခံထားရှိသည့် ငွေကြေးများအား ကျောင်းသူ/သားများသို့ ပြန်လည်ပေးအပ်ရန် ရခိုင်ပြည်နယ်ပညာရေးမှူးရှုံးမှ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ညွှန်ကြားထားကြောင်း လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှကပြောသည်။ 
“ကျောင်းသားတွေဆီကနေ ငွေကောက်ခံဖို့ ကျွန်တော်တို့ဆီက ညွှန်ကြားထားတာမရှိပါဘူး။ အဲ့ဒီငွေတွေကို ကျောင်းကော်မတီက ကောက်တာလို့ပြောပါတယ်။ ဒါကြောင့် တစ်ယောက်မကျန် ပြန်ပေးဖို့အတွက် ညွှန်ကြားထားပါတယ်။”ဟု ဦးစိန်ထွန်းလှကပြောသည်။ 
မြောင်းဘွယ်စာစစ်ဌာနတွင် ဆယ်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူကျောင်းသားများအား စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများ ထုတ်ပေးလျက်ရှိနေရာ ကျောင်းသားတစ်ဦးလျင် ကျပ်တစ်သောင်းစီပေးသွင်းပြီးမှ ကဒ်ပြားများအား ထုတ်ယူခွင့်ရရှိကြောင်း ကျောင်းသားမိဘတစ်ဦးကပြောသည်။ 
“အရင်က အခုလိုမျိုး ပိုက်ဆံပေးရတာမရှိဘူး။ ဒီနှစ်မှာတော့ ကဒ်လာထုတ်တဲ့ကျောင်းသားတစ်ယောက်ကို တစ်သောင်းစီသွင်းခိုင်းပါတယ်။ ငွေမသွင်းနိုင်လို့ ကဒ်မထုတ်ဘဲပြန်သွားရတဲ့ကလေးတွေလည်းရှိပါတယ်။ ဘာကြောင့်ပိုက်ဆံကောက်လဲဆိုတော့ စာမေးပွဲကာလအတွင်း ကုန်ကျစရိတ်တွေကို သူတို့မစစ်နိုင်လို့ ကျောင်းသားတွေဆီကနေ ကောက်တာလို့ပြောပါတယ်။ အခမဲ့ပညာသင်ကြားနေတဲ့ ကျောင်းသားတွေက စာမေးပွဲဖြေဆိုဖို့အတွက် ပိုက်ဆံပေးနေရတယ်ဆိုတာတော့ သဘာဝမကျဘူးလို့မြင်ပါတယ်။”ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။ 
မြောင်းဘွယ်စာစစ်ဌာနတွင် ဆယ်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား ၂၀၀ ကျော်ရှိကာ စာမေးပွဲအသုံးစရိတ်ကို အကြောင်းပြပြီး ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။ 

The Fifth Wave News

0 comments:

Post a Comment