Wednesday, February 27, 2019

ရန်ကုန်စည်ပင်ကုန်ထုတ်ဌာန ငါးနှစ်ဆက် အရှုံးပေါ်၊ နို့စားနွားမွေးမြူရေးခြံတွင် နွားထီးများသာတွေ့ဟု မြို့တော်ဝန်ပြော

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ထုတ်လုပ်ရေးဌာနအနေနှင့် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း ကျပ်သန်းခုနစ်ရာကျော် အရှုံးပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်သည်။ 
ထိုကဲ့သို့ အရှုံးပေါ်ခဲ့သည့် စည်ပင်ပိုင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း ငါးခုအနက် လေးခုကိုရပ်နားထားပြီး သတ်မှတ်နှုန်းထားဖြင့် ကုမ္ပဏီများသို့ မြေနေရာ ငှားရမ်းလုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေသည်ဟု၎င်းက ပြောဆိုသည်။ 
“လုပ်ငန်းငါးခုအနက် နှစ်ရှည်ပင် စိုက်ပျိုးရေးလုပ်ငန်းကလွဲပြီး ကျန်လုပ်ငန်းလေးခုကို အခုအချိန်မှာ ရပ်နားထားတယ်။ စခန်းပိုင်မြေတွေ ရေရှည်မှာ ဘယ်လိုအကျိုးအမြတ်ရှိမလဲ။ စီးပွားရေး အသွင်ဆောင်တဲ့ပုံစံမျိုး စနစ်တကျ လုပ်နိုင်အောင် ပုဂ္ဂလိက ကုမ္ပဏီတွေကို တိုင်းအ စိုးရအဖွဲ့က အငှားချထားဖို့လည်း စီစဉ်နေပါတယ်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ အကျိုးမြတ်တွေ ပြန်ပြီးတိုးတက်စေဖို့ အခြေအနေကောင်းရနေပါတယ်”ဟု ဦးမောင်မောင်စိုးက ရှင်းပြသည်။ 
ကျောက်တံတားမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာန၏ ငါးနှစ်ဆက်တိုက် အရှုံးပေါ်နေသော လုပ်ငန်းများနှင့်ပက်သက်၍ မည့်ကဲ့သို့ ဆက်လက်စီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့မှုအပေါ် မြို့တော်ဝန်က အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။ 
၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်အတွင်း မစိုက်ပျိုးရေးနှင့် အပန်းဖြေစခန်းမှ ကျပ် ၈၈ ဒသမ ဝ၄ ၇ သန်း၊ အောင်ချမ်းသာရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းမှ ကျပ် ၃၈ ဒသမ ၄၀၈ သန်း၊ ထောက်ကြန့်မွေးမြူရေးစခန်းမှ ကျပ် ၃၄၀ ဒသမ ၈၆၂ သန်း၊ ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းမှ ကျပ် ၁၇၅ ဒသမ ၆၅၁ သန်းနှင့် နှစ်ရှည်ပင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ကျပ် ၈၁ ဒသမ ၅၇၈ ရှိကြောင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီအရင်ခံစာတွင် ဖော်ပြထားသည်။ 
“အရှုံးစာရင်းပြသက်သာအောင် သက်ဆိုင်ရာဝန်ထမ်းတွေရဲ့ လစာနဲ့စရိတ်ကို သက်ဆိုင်ရာစခန်းများရဲ့ နှစ်ချုပ်စာရင်းမှာ ထည့်သွင်းရေးဆွဲထားခြင်းမရှိဘဲ ရုံးချုပ်ရဲ့လစာနှင့်စရိတ် ခေါင်းစဉ်အောက်မှာ ထည့်ထားတာလည်း တွေ့ရပါတယ်။ ဆိုလိုတာက ဝန်ထမ်းတွေရဲ့ လစာနှင့်စရိတ်ပါ ထည့်ပေါင်းမယ်ဆိုရင် အရှုံးက ပိုများမှာဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဝေဖန်သည်။ 
နှစ်ရှည်ပင် စိုက်ပျိုးရေးလုပ်ငန်းတွင် အရှုံးပေါ်ခဲ့သည့် ကြက်ဆူစိုက်ပျိုးရေး လုပ်ငန်းအစား ကျွန်းပင်များ ပြောင်းလဲစိုက်ပျိုးထားကြောင်း၊ အရှုံးပေါ်နေသည့် လုပ်ငန်းများအနက် မစို နို့စားနွားမွေးမြူရေးလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးရာ၌ နွားထီးများသာ ကျန်ရှိနေသည်ကိုတွေ့ရကြောင်း မြို့တော်ဝန်က လွှတ်တော်၌ ဖြေကြားခဲ့သည်။ 

The Voice

0 comments:

Post a Comment