Thursday, February 28, 2019

တောင်ကိုရီးယားမှာ အမူးသမား ကပ္ပတိန်ကြောင့် ရုရှားကုန်တင်သင်္ဘောကြီး တံတားကို ဝင်တိုက်


မူးရူးနေတဲ့ ကပ္ပတိန်ရဲ့ ပဲ့ကိုင်မှုအောက်က ရုရှားကုန်တင်သင်္ဘောကြီးဟာ တောင်ကိုရီးယား၊ ဘူဆန်ဆိပ်ကမ်းနားက တံတားကြီးတစ်စင်းကို ဝင်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။ 
ကြာသပတေးနေ့ ယာဉ်သွားယာဉ်လာ စည်းကားတဲ့ အချိန်မှာ ဒီလို တံတားကို ဝင်တိုက်တာဖြစ်ပြီး ကုန်တင်သင်္ဘောလည်း ပျက်စီးသလို တံတားက စတီးလ်လက်ရန်းတွေ ပေါက်ပြဲကျိုးကြေကုန်ပါတယ်။ 

ဒီလို တိုက်မိပြီးတော့ အဲဒီ ကုန်တင်သင်္ဘောဟာ ဖြစ်တဲ့နေရာကနေ မောင်းပြေးတာကြောင့် ကိုရီးယားကမ်းခြေစောင့်တပ်က လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ 

ပေ ၃၇၀ ရှည်တဲ့ Seagrand ကုန်တင်သင်္ဘောဟာ ဘူဆန်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာတာ ဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။ 

ဒီရုရှားကုန်တင်သင်္ဘောဟာ စတီးလ်ခွေတွေ ပေါင်ချိန် သုံးသန်းနီးပါးကို တင်ဆောင်ပြီး ပင်ရင်းဆိပ်ကမ်း ရုရှက ဗလာဒီဗိုစတော့ခ်ဆီ ခုတ်မောင်းချိန်မှာ ခုလို တိုက်မိတာဖြစ်ပါတယ်။ 

ကုန်တင်သင်္ဘောရဲ့ ကပ္ပတိန်ဖြစ်သူဟာ အင်္ဂလိပ်လို မပြောနိုင်သလို နားလည်ပုံလည်း မရကြောင်း JoongAng Ilbo သတင်းက ဖော်ပြပါတယ်။ 

ကြုံကြိုက်ပြီး ရိုက်ကူးလိုက်နိုင်တဲ့ မျက်မြင်တစ်ဦးရဲ့ ဗီဒီယိုဖိုင်မှာ အဲဒီ ကုန်တင်သင်္ဘောဟာ တံတားကြီးပေါ်မှာ မော်တော်ကားတွေ ဥဒဟိုသွားလာနေချိန်မှာ တန်းတန်းမတ်မတ် ဝင်တိုက်လိုက်တာကို မြင်တွေ့ရပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment