Wednesday, February 27, 2019

မြန်မာအလုပ်သင်အလုပ်သမားများ ဂျပန်နိုင်ငံတွင် အချိန်ပိုမတရား ခိုင်းစေခံရ



ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံက အလုပ်သင် အလုပ်သမားတွေဟာ အချိန်ပိုမတရား ခိုင်းစေခံနေရတယ်လို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အလုပ်သမား သမဂ္ဂမှ FWUBC ဦးမြင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။ 
ဂျပန်နိုင်ငံ၊ အအိချိ ခရိုင်တိုယာမအနီး အိုးဘအရွက် ထုပ်ပိုးရေးစက်ရုံမှာ မြန်မာစိုက်ပျိုးရေး အလုပ်သင် အလုပ်သမား အမျိုးသမီးငယ် ၅ ဦးကို ဂျပန်ဥပဒေပြင်ပ အချိန်ရှည်ကြာ မတရားခိုင်းစေခဲ့မှုနဲ့ FWUBC နဲ့ ဂျပန်အလုပ်သမားသမဂ္ဂ JAM တို့ ပူးပေါင်းဖော်ထုတ်ကာ ဖေဖော်ဝါရီ ၂၆ ရက်က နဂိုယာမြို့မှာ သတင်းစာရှင်းလင်း ပြောကြားခဲ့တာပါ။ 

မြန်မာအမျိုးသမီးငယ် ၅ ဦးကို မနက် ၇ နာရီမှ ည ၁၂ နာရီအထိ တနေ့ ၁၅ နာရီကျော် အလုပ်ခိုင်းစေခဲ့ပြီး လစာတလ ယန်းငွေ တသိန်းကျော်ခန့်သာ ပေးခဲ့လို့ နစ်နာမှုကို ဂျပန်ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အလုပ်သမားသမဂ္ဂ FWUBC ဦးမြင့်ဆွေက “မနက် ၇ နာရီကနေ ည ၁၂ နာရီအထိဆိုတော့ ၂၀၁၇ ခုနှစ်က အစောဆုံး လာခဲ့တဲ့သူတွေဆို တွက်ကြည့်မယ်ဆိုရင်တယောက် (ဂျပန်ယန်းငွေ ၃သန်း) မြန်မာကျပ်ငွေသိန်း ၄၀၀ နီးပါး မရဘဲ အချိန်ပို မတရားခိုင်း ခဲ့ရတာတွေ့ရတယ်”လို့ ပြောပါတယ်။ 

အဆိုပါ မြန်မာအမျိုးသမီးငယ် ၅ ဦးဟာ ဂျပန်ကို ၂၀၁၇ ခု ဇွန်လပိုင်းမှ ၂၀၁၈ ခုဇွန်လပိုင်းအတွင်း အသီးသီးရောက်ရှိလာခဲ့ကြတာပါ။ 

မြန်မာအလုပ်သမားတဦးဖြစ်တဲ့ မ၀ါဝါလွင်က “ကျမတို့အခုလို ဂျပန်လာတာ ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးအတွေ့အကြုံရမယ်ထင်ခဲ့ပေမယ့် ထုပ်ပိုးရေးစက်ရုံမှာ အခုလို အချိန်ရှည်ကြီး ဥပဒေပြင်ပ မတရားခိုင်းစေခံရလို့ စိတ်ထိခိုက်ပြီး ပြောစရာစကားလုံး မရှိဘူး”လို့ ပြောပါတယ်။ 

မြန်မာအလုပ်သမားတွေ ဂျပန်မှာ မတရားခိုင်းစေခံတာတွေနဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်ခံနေရတွေလည်း အရင်က ရှိခဲ့ဖူးပါတယ်။ 

“အိုဆာကာ တရားရုံးမှာ ဇူလိုင်လပိုင်းတုန်းက ကျနော်တို့ တရားစွဲဆိုထားတဲ့ တမှု ရှိပါသေးတယ်။ မြန်မာဘက်က ပို့ဆောင်ပေးနေတဲ့အေးဂျင့်တွေကို စိစစ်ကာ တရားဝင်လိုင်စင်ချပေးနေတဲ့ တိုကျိုမြန်မာသံရုံး အပါအ၀င် တာဝန်ရှိသူတွေက အခုလို ဖြစ်လာရင် မြန်မာဘက်ကပို့ပေးတဲ့ အေးဂျင့်တွေကို ပြတ်ပြတ်သားသားအရေးယူပြီး မြန်မာအလုပ်သမားတွေ ဘက်က ရပ်တည်ကာကွယ်ပေးစေချင်တယ်”လို့ ပြောပါတယ်။ 

အဆိုပါ အမျိုးသမီး ၅ ယောက်ထဲမှာ ၃ ယောက်က အိမ်မြေခြံ ဂရန်တွေ အေးဂျင့်ကို အပေါင်ပေးခဲ့ရပြီး တခြားကို ထွက်မပြေးဘဲ ၃ နှစ်ပြည့်လို့ ပြန်လာရင် ပြန်ပေးမယ်လို့သိရတယ်။ 

ဒီလိုလုပ်ဆောင်တာဟာ ဂျပန်နိုင်ငံရဲ့ ဥပဒေကိုချိုးဖောက်တာဖြစ်ပြီး ဂျပန်ဥပဒေ ဘောင်အတွင်းက အလုပ်ခိုင်းတဲ့ဂျပန်စက်ရုံကိုရော မြန်မာအေးဂျင့်ကိုပါ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အလုပ်သမား သမဂ္ဂက ဆိုပါတယ်။ 

ဂျပန်နိုင်ငံမှာ အလုပ်သမားရှားပါးလာနေတာကြောင့် ဧပြီလကစတင်ပြီး အလုပ်သင်နဲ့ ကျွမ်းကျင်အလုပ်သမားအဖြစ် မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေက အလုပ်သမားတွေ အများအပြားခေါ်ဆောင်ဖို့ ဂျပန်အစိုးရအနေနဲ့ ပြင်ဆင်နေပါတယ်။


DVB


0 comments:

Post a Comment