Thursday, February 28, 2019

တပ်မတော် (ရေ) က ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းကို ကိုကိုးကျွန်းအနီးတွင် မတ် ၃ ရက်မှ ၁၈ ရက်အထိ ပြုလုပ်မည်


တပ်မတော် (ရေ) က ပင်လယ်ပြင်လက် တွေ့လေ့ကျင့်ခန်း (Combined Fleet Exercise) နှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းကို ကိုကိုးကျွန်းအနီးတွင် မတ် ၃ ရက်မှ ၁၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 
တပ်မတော် (ရေ) စစ်ရေယာဉ်များသည် ၂၀၁၉ ခုနှစ် မတ် ၃ရက်မှ ၁၈ ရက်ထိ ကာလအတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများအား ကိုကိုးကျွန်းအနီး ရေပြင်တွင် လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်ခန်းဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point BB မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point DD မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

သို့ဖြစ်၍ လေ့ကျင့်ခန်းဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ ငါးမိုင် ပတ်လည်အား သင်္ဘောကြီး၊ သင်္ဘောငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များအမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် အသိပေးကြေညာအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ ငါးကြိမ်မြောက် လုပ်ဆောင်ခြင်းဖြစ်သည်။ 

တပ်မတော်(ရေ)၏ ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းကို ကိုကိုးကျွန်းအနီး ရေပြင်၌ပင် ၂၀၁၇ ခုနှစ်က နောက်ဆုံးပြုလုပ်ထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ် ၂၃ ရက်မှ ၃၁ ရက်ထိ ၉ ရက်ကြာပြုလုပ်ခဲ့သည်။ 

နိုင်ငံတော်ပိုင် ပင်လယ်ပြင် ရေထု၊ လေထုအတွင်း အချုပ်အခြာအာဏာ ခိုင်မာစေရန်နှင့် တပ်မတော် (ရေ) ရှိ စစ်ရေယာဉ်များကို အသင့်ဖြစ်မှု သုံးရပ်ဖြင့် စစ်ဆင်မှုနယ်ပယ်လေးရပ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ တိုက်ပွဲဝင် နိုင်စေရန်ရည်ရွယ်၍ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက် သတင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။ 

၂၀၁၇ ခုနှစ် နောက်ဆုံးပြုလုပ်ထားသည့် စစ်ရေယာဉ်တပ်ပေါင်းစုပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise - Sea Shield 2017) သည် လေးကြိမ်မြောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ရေယာဉ်မျိုးစုံ ၂၈ စင်းနှင့် ရဟတ်ယာဉ် များ၊ အရာရှိ၊ စစ်သည်အင်အား ၁၄၀၀ ကျော် ပါဝင်လေ့ကျင့်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ထားမှုအရ သိရသည်။ 

မြန်မာနိုင်ငံ၏ တည်နေရာအနေအထားအရ ကမ်းရိုးတန်းအရှည်မိုင် ၁၃၀၀ ကျော်ရှိသဖြင့် မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်ရန် တပ်မတော်(ရေ)၏တာဝန်မှာ လွန်စွာကြီးမားကြောင်း၊ ရေတပ်တစ်ခုတည်းဖြင့် ကာကွယ်ရန်မလုံလောက်ဘဲ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုကဏ္ဍမှာ အရေးကြီးကြောင်း၊ ယခု လုပ်ဆောင်ခဲ့သည့် လေ့ကျင့်ခန်း၏ အောင်မြင်မှုအပေါ် အားသာချက်၊ အားနည်းချက်များ သုံးသပ်ဖော်ထုတ်၍ နောင်တွင်ယခုထက်ပိုမိုထိရောက်ကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise - Sea Shield 2017) တွင်ပါဝင်ခဲ့ကြသော တပ်မတော်(ရေ)မှ အရာရှိကြီးများ စစ်ရေယာဉ်မှူးများနှင့် အရာရှိ၊ စစ်သည်များကို အမှာစကား ပြောကြားရာ၌ ထိုစဉ်အချိန်က ထည့်သွင်းပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment