Thursday, February 28, 2019

ဗင်နီဇွဲလား ဆန္ဒပြပွဲအတွင်း ဒဏ်ရာရသူများ ဘရာဇီးတွင် ဆေးကုသ


ဗင်နီဇွဲလားနိုင်ငံအတွင်း လူသားချင်း စာနာတဲ့ အကူအညီတွေအရေး ဆန္ဒပြပွဲမှာ ဒဏ်ရာရသူတွေဟာ နယ်စပ်ကို ဖြတ်ကူးပြီး ဘရာဇီးနိုင်ငံထဲမှာ ဆေးကုသခံနေကြပါတယ်။ 
အရင်သီတင်းပတ်က ရေနံရောင်းတဲ့ အိုပက်အဖွဲ့ဝင်နိုင်ငံ ဗင်နီဇွဲလားမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေရရေး ဆန္ဒပြသူတွေ နှိမ်နင်းခံခဲ့ရတာပါ။ 

ဘိုအာဗစ်စတာမြို့က ဆေးရုံမှာ ဗင်နီဇွဲလား နိုင်ငံသား ၂၄ ယောက် ဆေးကုခံနေပါတယ်။ လူနာအများအပြားဟာ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုကို သစ္စာခံတဲ့ တပ်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရာက ဒဏ်ရာရခဲ့တာပါ။ 

ဒဏ်ရာရသူ ၃ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ 

အလွန်အမင်း ငွေကြေးဖောင်းပွတာကြောင့် တိုင်းပြည် စီးပွားရေး ပြိုလဲခဲ့လို့ အာဟာရ ပြတ်လပ်တဲ့အတွက် သန်းနဲ့ချီတဲ့ လူတွေ တိုင်းပြည်ကနေ စွန့်ခွာခဲ့ကြပါတယ်။ 

ဒီအခြေအနေမှာ လူသားချင်းစာနာမှု အကူအညီတွေဟာ နိုင်ငံရေး အကြပ်အတည်းကို ပိုတင်းမာစေခဲ့တာပါ။ ဗင်နီဇွဲလား သမ္မတက အကူအညီတွေဟာ သူ့အစိုးရကို ဖြုတ်ချဖို့ နိုင်ငံရေး အကွက်ရွှေ့မှုလို့ ရှုမြင်ပြီး အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုကတော့ အကူအညီတွေ နိုင်ငံရဲ့နယ်စပ်တွေကနေ တင်သွင်းဖို့ ကတိပြုထားပါတယ်။ 

ဂွယ်ဒိုကို အိမ်နီးချင်း နိုင်ငံတွေနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက နိုင်ငံ ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုထားပါတယ်။ 

မာဒူရိုကတော့ စစ်တပ်အကူအညီသာမက တရုတ်နဲ့ ရုရှတို့ရဲ့ အထောက်အပံ့ကို ရထားပါတယ်။

DVB

0 comments:

Post a Comment