Wednesday, February 27, 2019

မြစ်ကြီးနားဂျာနယ်သတင်းထောက် ၂ ဦးကို သခင်စစ်ကုမ္ဗဏီက ဘယ်လို ဖမ်းဆီး နှိပ်စက်ခဲ့လဲ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားဂျာနယ်မှ သတင်းထောက် ၂ ဦးကို တစ်သျူးငှက်ပျောစိုက်ပျိုးမှု သတင်းဖော်ပြမှုဖြင့် သခင်စစ်ကုမ္ဗဏီက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဂျာနယ်တာဝန်ရှိသူများက သွားရောက် ကယ်ဆယ်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်နှိပ်စက်ခံခဲ့ရသူ သတင်းထောက် မွန်မွန်ပန်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။ 
မေး ။ ။ မွန်မွန်ပန် အပါအ၀င် သတင်းထောက် ၂ ဦးကို ခေါ်ပြီး ဖမ်းဆီးရိုက်နှက်မှုဖြစ်စေတဲ့ သတင်းက တစ်သျူးငှက်ပျောသတင်းလို့ သိထားပါတယ်။ အဲဒီသတင်းဘယ်လို ဆက်သွယ်ရရှိခဲ့တာလဲ သိချင်ပါတယ်။ 
ဖြေ ။ ။ အဲဒါက ဒေသမှာရှိတဲ့ အသင်းတော်ဆရာက သူတို့က ဆရာတစ်ယောက်က ဒီတစ်သျူးငှက်ပျောနဲ့ ပတ်သက်ပြီး တစ်သျူးငှက်ပျောစိုက်တဲ့ ကုမ္ပဏီတွေ သူတို့ရွာမှာ ဝင်လာတာနဲ့ပတ်သက်ပြီး သတင်းပေးချင်လိုပါတဲ့။ ဖုန်းဆက်ပေး ၊ ဆက်သွယ်ပေးပါလို့ ကျမသူငယ်ချင်းတစ်ယောက်က အဲဒီဖုန်းနံပါတ်ကို ပေးပါတယ်။ ကျမလည်း သူ့ဆီ ဖုန်းဆက်တယ်။ ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်ပြီး ကျမမေးမြန်းတဲ့အချိန်မှာ အဲ့ကုမ္ပဏီတွေဝင်လာတဲ့အကြောင်း သူပြောပြတယ်။ ကျမကလည်း သူဆီတဆင့် အုပ်ချုပ်ရေးမှူး ဖုန်းဆက်မေးမြန်းထားတယ်။ 
မေး ။ ။ သတင်းဖော်ပြပြီးတော့ ကုမ္ပဏီဘက်ကလူတွေက ဘယ်လို ဆက်သွယ်လာတာလဲ။ 
ဖြေ ။ ။ သူတို့က အပြင်ခဏလိုက်ခဲ့ပေးပါ။ သူဋ္ဌေးတွေ့ချင်လိုပါတဲ့၊ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မရှင်းလင်းတာ အဲဒါတွေ ရှင်းပြချင်တယ်။ ပြီးရင်ဒီသတင်းက မှားနေတယ်တဲ့။ ကျမက ဒီသတင်းက မမှားဘူး။ ငှက်ပျောစိုက်တယ်လို့ မရေးထားဘူး။ သူတို့ပြောတာက ငှက်ပျောစိုက်တယ်လို ရေးထားတာတဲ့။ အဲ့ဒီတော့ ဒီသတင်းက မှားနေတယ်။ ကျမကလည်း ပြောပြတယ်။ ဒီသတင်းက မမှားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငှက်ပျောစိုက်တယ်လို့ မရေးထားဘူး။ အဲ့ဒါကြောင့် မမှားဘူး။ အဲ့ဒါက ဒီမှာရေးထားတာက တစ်သျူးငှက်ပျောစိုက်ပျိုးတဲ့ ကုမ္ပဏီလာတယ်ပေါ့။ သခင်စစ်ကုမ္ပဏီက စတင်ပြီး လမ်းဖောက်လုပ်နေတယ်လို့ ဒေသခံတွေ ပြောတယ်လို့ ရေးထားတာ။ 
အုပ်ချုပ်ရေးမှူးလည်း ပြောတယ်။ ပြီးတော့ဒေသခံတွေ ပြောထားတာတွေပါ ကျမက ထည့်ရေးလိုက်တာ။ အဲ့ဒါကို သူတို့က ကောင်းကောင်းမရှင်းဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းကို ကောင်းကောင်း မဖတ်လိုက်ဘူးထင်တယ်။ သူတို့က ငှက်ပျောစိုက်တယ်ဆိုပြီး စွပ်စွဲလိုက်တာ။ အဲဒါကို လိုက်ခဲ့တဲ့၊ ကျမက မအားသေးဘူး ညနေဘက်မှ လိုက်မယ်ပြန်ပြောလိုက်တယ်။ အဲဒီတော့ သူတို့က ညနေပိုင်းဆိုရင် သူဋ္ဌေးက မအားလို့တဲ့၊ အဲဒါကြောင့် အခုပဲ လိုက်ခဲ့ပေးပါ ဆိုပြီး ကားနဲ့ ခေါ်သွားမယ်တဲ့။ ကျမက ကားနဲ့ မလိုက်ဘူး ဆိုင်ကယ်နဲ့ပဲ ကိုယ့်ဘာသာကိုယ်လိုက်ခဲ့မယ်ပြောတော့ သူတို့က နင်တို့ရုံးက လူကြီးတစ်ယောက်ယောက်ကို ခေါ်သွားတဲ့။ ရုံးကဆရာက မလိုက်နိုင်ဘူး၊ မအားသေးဘူး၊ ဒီကိစ္စက ရုံးမှာဖြေရှင်းရမှာ၊ ကုမ္ပဏီမှာ သွားပြန်ဖြေရှင်းရမယ့်ဟာမျိုး မဟုတ်ဘူး။ 
ဒါကြောင့် ကုမ္ပဏီကလူပဲ ဒီကိုလာခိုင်းတဲ့၊ ဒီမှာပဲ ဖြေရှင်းရအောင်။ အဲ့ဒီတော့ သူတို့ကမဟုတ်ဘူးတဲ့ ကျနော်တို့ ဘာမှမဖြစ်စေရဘူးလို့ အဲဒီလို ပြောခဲ့တာ။ အဲဒီတော့ ရုံးကဆရာက အေး၊ ကောင်းကောင်းမွန်မွန်နဲ့ဆိုရင်ရတယ်။အဲဒီမှာသွားပြီး ဖြေရှင်းပေးစရာတော့ ကျနော်တို့ဆီမှာ မရှိဘူးလို့ ပြောတယ်။ သူတို့ကလည်း ကောင်းကောင်းမွန်မွန်နဲ့ပဲ ဆိုတော့ခေါ်သွားတာ။ ဆိုင်ကယ်မောင်းဖို့ ရုံးသတင်းထောက် အားဂျယ်ကို အဖော်ခေါ်သွားတာ။ အတူတူ သွားလိုက်တာ။ 
မေး ။ ။ ရုံးကိုလာခေါ်တဲ့အခါ လူက ဘယ်လောက်လဲ၊ ပြီးတော့ ကုမ္ပဏီရောက်တော့ ဘယ်လိုကြောင့် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့တာလဲ။ 
ဖြေ ။ ။ ရုံးကိုလာခေါ်တာက ၆ ယောက်၊ မန်နေဂျာလို့ ပြောတဲ့သူက ဦးဆောင်ပြီး လာခေါ်တာ၊ ကျန်တဲ့လူတွေက အပေါင်းအသင်းတွေ လိုက်ခဲ့ပေးတာ။ လာခေါ်ပြီး ကုမ္ပဏီကို ရောက်တော့ရောက်တာနဲ့ ခြံဝင်းတံခါးဖွင့်ပေးတယ်။ အထဲမှာ ဝင်ထိုင်ခိုင်းတယ်။ ပြီးတော့ အပြင်ကနေ တံခါးပိတ်လိုက်တယ်။ သူတို့က အပြင်မှာ နေနေကြတယ်။ တချို့က အိမ်ထဲမှာ ရှိတယ်။ ကျမက ဖုန်းပြောနေတာ။ 
ကျမကုမ္ပဏီကိုရောက်နေကြောင်း လူကြီးတွေကို အကြောင်းကြားတာ။ အကြောင်းကြားတဲ့ အချိန်ကျတော့ ရုံးကအစ်မက အဲ့ဒီကို ဘာဖြစ်လို့ လွှတ်လိုက်တာလဲ။ အဲ့ဒီလို လွှတ်လိုက်လို့ မရဘူးတဲ့။ အဲ့ဒီတော့ ကျမကမသိတော့ဘူး၊ ဒီမှာ ရောက်နေပြီ။ ဘာမှစစ်လို့ မရဘူး။ အဆင်ပြေပြေနဲ့လုပ်ပေါ့၊ အဲ့ဒီလို ပြောနေတဲ့အချိန်မှာ သူတို့သူဋ္ဌေး က ဆင်းလာတယ်။ ဆင်းလာပြီး အားဂျယ်ကို စိတ်ဆိုးတာလေ။ အားဂျယ်ထိုင်ခုံက ပက်လက်ထိုင်ခုံဖြစ်နေတာပေါ့။ အားဂျယ်က ပါးစပ်ဟပြီး ပက်လက်ထိုင်နေတာ။ အဲတော့ သူဋ္ဌေးက နင်က ဘာလို အဲဒီလို ထိုင်ခိုင်းတာလဲ။ ပြန်ပြောင်းထိုင်တဲ့။ 
အဲ့တော့ အားဂျယ်က ပြန်ပြင်ထိုင်တဲ့အခါ သူဋ္ဌေးက သတင်းရေးတာ နင်လား၊ သူကမဟုတ်ဘူး။ ဒါဆို နင်နဲ့မဆိုင်ဘူး။ ထွက်သွားလို့ မောင်းထုတ်တာ။ သူက ထိုင်နေတဲ့နေရာကနေ တံခါးပိတ်ထားတဲ့နေရာကို ထွက်သွားတယ်။ အဲ့ဒီတော့ ကျမက ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ မဆိုင်ဘူး။ သူက သတင်းရေးတဲ့ သူ မဟုတ်ဘူးတဲ့၊ သတင်းရေးတဲ့သူ ဘယ်သူလဲ၊ ကျမဟုတ်တယ်၊ နင်ပဲလာခဲ့၊ ကျမက ဘာဖြစ်လို့လဲ။ ပြီးတော့ သူက အားဂျယ်ကို လည်ပင်းနား အင်္ကျီကိုကိုင်ပြီး အပြင်ကို ဆွဲထုတ်သွားတာ၊ ဒီကောင်ကို အခန်းတစ်ခန်းထဲ ထည့်ထားလိုက်။ 
အဲဒီနား အိမ်ရဲ့ရှေ့မှာ အိမ်တစ်အိမ် ရှိတယ်၊ အဲဒီအိမ် အခန်းထဲမှာ သူ့ကို ထည့်ထားခိုင်းလိုက်တာ။ အဲဒီအချိန် ကျမက သူမရှိရင် ကျမလည်း ဒီထဲမှာနေစရာ အကြောင်းမရှိဘူး။ ကျမလည်း သွားမယ်၊ ကျမက အပြင်ကို ထွက်လာတာ။ ထွက်လာတဲ့အချိန် တံခါးကို ပိတ်လိုက်တယ်။ တံခါးကို ဖွင့်ဖို့ ပြောတဲ့အချိန် သူတို့က ဝိုင်းဖမ်းပြီးဆွဲတာ။ အားကုန် ဆွဲရမ်းတော့ အင်္ကျီ ကြယ်သီးတွေ အကုန်ပြုတ်ကုန်တယ်။ အဲ့ဒီလိုဆွဲပြီး လုပ်ကြတာ။ ကျမကို အဲ့ဒီလို မလုပ်ရဘူးလို့ ပြောတယ်။ အဲ့ဒီအချိန် ရုံးကဆရာနဲ့ အစ်မတစ်ယောက်က ဖုန်းပြောနေတော့ ကျမက ဆရာ၊ ကျမကို သူတို့ ဒီလိုလုပ်နေတယ်။ ဒီလောက်တောင်မှ ဆွဲလားရမ်းလား လုပ်နေတယ်လို့ ပြောလိုက်တယ်။ ကျမလည်း ရုန်း၊ လုံးဝကို ရုန်းလို့မရ၊ အထဲမှာပဲ ပြန်နေရတယ်။ အဲဒီတော့ အားကုန် စိတ်ဆိုးပြီး ရာစရာမရှိအောင် ကျမကို ပြောတယ်။ အဲဒီတော့ ဘာပြန်လုပ်လဲဆိုတော့ သူတို့က နင် ဒီမှာ မတွေ့ဘူးလား။ ဒီမှာ မင်းရေးထားတာ၊ ဂျာနယ်ကိုင်ထားရင်း ပါးရိုက်လိုက်တာ။ နားထဲ အူသွားတာ။ ကျမက နာလို့ ငိုတယ်။ ငိုတဲ့အချိန် ငိုမနေနဲ့ အဲဒီလို ပြောတယ်။ အဲဒီတော့ ဖုန်းကို လုလိုက်တယ်။ ဖုန်းလုလိုက်တဲ့အချိန် ကျမဆီမှာ ဖုန်းမရှိတော့ဘူး။ နောက်တော့ ကျမကို ဖုန်းဆက်တဲ့။ အဲဒီ မန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ဖုန်းက ဝင်တယ်၊ အုပ်ချုပ်ရေးမှူးက မကိုင်ဘူး။ ရုံးကအစ်မဖုန်းက ဝင်လာတယ်။ သူက ပြန်ပြောတယ်။ ကျမကလည်း ဒီလိုဒီလိုပဲ၊ အမြန်လာကယ်ကြဦးလို့ ပြောပြတယ်။ 
အဲဒီတော့ သူတို့က မစိုးရိမ်နဲ့ ရုံးက ဆရာတွေနဲ့ လူကြီးတွေ လာနေကြပြီလို့ ပြန်ပြောတယ်။ ကျမကလည်း ငိုပြီးနေနေရတာ၊ နှာရည်တွေ ထွက်လာတော့ တစ်ရှူးလည်း မရှိတော့ ကျမကလည်း အမှိုက်ပုံးလိုက်ရှာတယ်။ တွေ့တော့ နှာရည်တွေ ညစ်တော့ သူတို့က အမှိုက်ပုံးမှာ အဲလိုမလုပ်နဲ့ ၊ အမှိုက်ပုံး ညစ်ပတ်တယ်၊ ကျမကို အဲဒီလိုပြောတယ်။ ကျမလည်း အရမ်း အံ့သြသွားတယ်။ ကျမ အမှိုက်ပုံးလောက်တောင် မတန်ဘူးလားပေါ့။ 
အရမ်းဝမ်းနည်းပြီး အဲ့ဒီနေရာကနေ ထပြီး သူတို့ထိုင်ခိုင်းထားတဲ့ နေရာမှာပဲ သွားထိုင်နေတယ်။ အဲဒါနဲ့ ငိုမနေနဲ့၊ နင့်ကို ဘယ်သူက ငိုနေခိုင်းလို့လဲ အဲဒီလိုမျိုး စိတ်ဆိုး သေးတယ်။ ကျမက နင်က ငါ့ကို ပါးရိုက်ထားတယ်လေ၊ နင်မသိဘူးလား။ အဲ့ဒီတော့ သူက နင့်ကို ဘယ်မှာ ပါးရိုက်လို့လဲ၊ ပါးရိုက်ရင် နင် သေတောင်သေသွားမှာ အဲ့ဒီလို ပြောတယ်။ ကျမကလည်း စိတ်တိုပြီးပြောရင် အပြစ်ဖြစ်သွားမှာ၊ ဒါကြောင့် ဘာမှ မပြောတော့ဘူး။ 
သူတို့ ဘာမေးမေး ဘာမှပြန်မပြောတော့ဘူး။ ဒီတိုင်းပဲ ထိုင်ပြီးပဲ ထိုင်နေတယ်။ Facebook page မှာ သတင်းထောက်နှစ်ယောက်ကို သခင်စစ် ကုမ္ပဏီက ဖမ်းချုပ်ထားပြီး ရိုက်နှက် ထားတဲ့ သတင်းက တက်လာကော၊ အဲ့ဒီတော့ သူတို့က ဒီမှာ သတင်းတက်လာပြီ၊ နင်တို့တွေ ပို့လိုက်ပြီထင်တယ်။ ဟိုကောင်လေးပဲနေမှာ ဆိုပြီး အားဂျယ်ကို ဟိုဘက်အိမ်ကနေ သွားခေါ်ပြီး ပြန်ရောက်လာတယ်။ သူ့ကို နင် ဘာလို့အဲ့ဒီလိုလုပ်တာလဲ၊ မင်း လုပ်တာလား၊ ကျနော်က Facebook Chat box ကနေ မြစ်ကြီးနားသတင်းဂျာနယ်ကို ပို့လိုက်တာ။ အဲ့ဒါဆိုတော့ လူကြီးတွေ တင်တာ။ ဘယ်သူတွေ တင်တာလဲ။ အမြန်ဖြုတ်ခိုင်း၊ ထိုင်ထ တစ်သိန်း လုပ်၊ မဖြုတ်မချင်း လုပ်၊ လုပ်ခိုင်း၊ တစ်နေ့ကုန် လုပ်ခိုင်းထားမယ်။ သူ့ကို အမြန်ဆုံး ဖုန်းဆက်ခိုင်း၊ ကျမကို ရုံးက အစ်မကို ဖုန်းဆက်ခိုင်းတယ်။ 
ရုံးက အစ်မကိုဖုန်းဆက်တော့ အမြန်ဖြုတ်ပေး၊ ဒီမှာ အားဂျယ်က ထိုင်ထ အခါတစ်သိန်း လုပ်နေရတယ်။ အမြန်ဖြုတ်လို့ ပြောတော့ ဟိုဘက်နေ အမြန်ဖြုတ်ပေးတယ်။ အားဂျယ်က ထိုင်ထ သုံးရာနီးပါးတော့ လုပ်လိုက်ရတယ် ပြောတာပဲ။ အဲဒါ သူဘယ်မှာနေလဲ။ သူ့အမေနဲ့ အဘွားကို သွားခေါ်ခိုင်းတယ်။ သူ့ကို မေးတယ်။ သူက အကုန်ပြောပြတာ။ ဖြစ်တဲ့နေရာ သူတို့ ကုမ္ပဏီ ၂ ဝိုင်းမော် အပိုင်း ၂ ၊ အားဂျယ်က အပိုင်း ၁ မှာနေတာ။ အဲ့ဒီတော့ သူတို့နေရာနဲ့ နီးတယ်လေ။ သူ့အဘွားနဲ့ အမေကို သွားခေါ်ခိုင်းတာ။ သူ့အမေက ရောက်တာနဲ့ အရမ်းစိုးရိမ်ပြီး တောင်းပန်တယ်။ သူ့သား ဘာမှ မဖြစ်သေးဘူး။ သားကို ဘယ်သူမှ အပြစ်မယူဖို့ တောင်းပန်တဲ့အခါ ကုမ္ပဏီကလူတွေစကားကတော့ ကျမလည်း သိပ်နားမလည်ဘူး။ ပြောနေကြ တာ သူ့အမေ ပြန်ပြောတာပါ။ 
သူဋ္ဌေးက သိန်း ၅၀ တောင်းတယ်။ ဒီလုပ်အားခ တစ်ရက်စာ သိန်း ၅၀ ရှိတာပေါ့။ အဲဒါ လျော်ပေးမှပဲ နင့်သားကို လွှတ်ပေးမယ်။ မဟုတ်ရင် ဒီမှာပဲ နေရမယ်လို့ ပြောတယ်။ အဲ့ဒီလိုပြောပြီး ကျမကိုလည်း နင့်ကိုလည်း ငါတို့ စိုက်ထားတဲ့ ငှက်ပျောပင် တစ်ပင် တွေ့ရင် နင့်ကိုလွှတ်ပေးမယ်၊ မဟုတ်ရင် နင့်ကို မလွှတ်ပေးဘူး။ ထမင်းလည်း ကျွေးနိုင်တယ်။ အဝတ်အစားလည်း ဝယ်ပေးနိုင်တယ်။ ဒီမှာပဲ နေရမယ်။ ဘယ်မှ မထွက်သွားရဘူး။ အဲဒီလို ကျမတို့ နှစ်ယောက်ကို ၀ှက်ထားတယ်။ အဲအချိန် ခဏကြာတော့ ရုံးကဆရာနဲ့ သူငယ်ချင်း ၊ ရပ်ကွက် ၂ က အုပ်ချုပ်ရေးမှူး ၊ ရဲတွေရော ရောက်လာတယ်။ ကျမတို့ကို လာခေါ်သွားတာ။ အဲ့ဒါတောင်မှ ရဲတွေ ခေါ်တာတောင် သူက လုံးဝမလွှတ်ဘူး။ ဒီမှာပဲ ရှင်းရမှာ။ ရဲကလည်း ဒီမှာ ရှင်းလို့မရ၊ ရဲစခန်းမှာပဲ ရှင်းလို့ရမှာ။ သူ့ကို ခေါ်ထုတ်သွားပြီးတော့ ရဲစခန်းကို သွားခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီသူဋ္ဌေး ဦးဒိန့်ဆောင်က ရဲစခန်းကို မလိုက်ဘူး။ 
မေး ။ ။ ဒီဖြစ်စဉ် မဖြစ်ပွားခင်နဲ့ ဖြစ်ပွားပြီး သခင်စစ်ကုမ္ပဏီနဲ့ ပတ်သက်တာ ဘာသိထားလဲ။ 
ဖြေ ။ ။ ကျမတို့က ရွာသားတွေနဲ့ အုပ်ချုပ်ရေးမှူး ပြောကြားချက်အရတော့ သူတို့က သခင်စစ်ကုမ္ပဏီက ငှက်ပျောစိုက်ဖို့၊ လမ်းဖောက်ဖို့ လုပ်နေတဲ့အကြောင်းပဲ သိတယ်။ ဘာမှ မသိဘူး။ သူတို့ ရုံးခန်းရောက်မှ သူတို့ရဲ့ရုံးခန်းမှာရှိတဲ့ ဆိုင်းဘုတ်ကိုတွေ့မှ သူတို့က သတ္တု တူးဖော်တဲ့ကုမ္ပဏီဖြစ်တာ သိရတာ။ 
မေး ။ ။ ကုမ္ပဏီသူဌေးက ဘာလူမျိုးလဲ။ တရုတ်စပ်လား။ 
ဖြေ ။ ။ သူက ကချင်လူမျိုး ၊ သူနာမည်က ဦးဒိန့်ဆာင် လို့ ပြောတာပဲ။ 
မေး ။ ။ ရဲအကူအညီ ရယူပြီး လက်ရှိအခြေအနေမှာ ကုမ္ပဏီဘက်က လူတွေ ဘာတွေ ပြန်ဖြေရှင်းလဲ။ 
ဖြေ ။ ။ သူတို့ကတော့ ခိုင်းတာတော့ မှန်တယ်။ ကျမကို ရိုက်တာတော့ သတင်းစာနဲ့ ဒီလိုပဲ ထိမိတာပေါ့။ သူ့ကို မရိုက်ဘူး။ ကျန်တာတော့ ဘာတွေ ဆက်မေးလဲ ကျမလည်း မကြားဘူး။ သူတို့ကို သပ်သပ်မေးတာ။ စခန်းမှူးရဲ့ ရှေ့မှာ သူပြောတာတော့ သူက ငှက်ပျောစိုက်တယ် ရေးထားလို့ သူတို့ကို ဖြေရှင်းရအောင် ခေါ်တာတော့ ဟုတ်တယ်။ အဲ့ဒါကို သူတို့က မဟုတ်ဘူးဘဲ ပြောနေတာ။ အဲ့လို ပြောတယ်။ 
မေး ။ ။ သတင်းထောက်တွေကို သတင်းကိစ္စဆွေးနွေးမယ် ခေါ်သွားပြီး အခုလို အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတာ၊ ထိခိုက်နစ်နာမှုရှိလာတဲ့အပေါ် ဘယ်လိုမြင်လဲ။ 
ဖြေ ။ ။ အခုပုံစံက အုပ်စုဖွဲ့၊ အာဏာရှင်ဆန်တယ်။ အုပ်စုဖွဲ့ပြီး ကြိုတင်ကြံစည် ထားတဲ့သဘောမျိုး သက်ရောက်တယ်။ သူတို့က ကျမတို့ကို အုပ်စုနဲ့ လာခေါ်တယ်။ ဟိုရောက်တဲ့အခါ အုပ်စုဖွဲ့ပြီး ဆွဲလားရမ်းလားလုပ်တယ်။ အဲ့ဒီလိုတွေ လုပ်တယ်ဆိုတော့ သူတို့က ကြိုတင်ကြံစည်တယ်လို့ ကျမက ထင်မိတယ်။ သူတို့က အင်အားလည်း သုံးတယ်။ 
မေး ။ ။ ရဲစခန်းရောက်တော့ ကုမ္ပဏီကလူတွေအကုန်လုံးကို စစ်ဆေးတာလား။ ဘယ်သူတွေ ကိုစစ်တာလဲ။ 
ဖြေ ။ ။ စစ်ချက်ယူတဲ့အခါ အကုန်လုံးက ပါတယ်။ ကုမ္ပဏီသူဋ္ဌေးကတော့ လုံးဝမလာဘူး။ သူဋ္ဌေးအသက်ကတော့ ၄၀ ကျော်လောက်ပဲ။ သိပ်တော့ မခန့်မှန်းတတ်ဘူး။ 
မေး ။ ။ ဒီအတွက် တရားဥပဒေအရ ဘာတွေ လုပ်ဆောင်သွားမလဲ။ 
ဖြေ။ ။ ကျမကတော့ ဥပဒေအတိုင်းပေါ့။ တကယ်ပဲ ဥပဒေက မျှတအောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီလိုမျိုး တစ်ခါမှာမခံစားဖူးဘူး။ ဒါပေမယ့် အခုလိုခံစားရတာက တကယ် သူတို့ကလေ မလုပ်သင့်ဘူး ထင်တယ်။ သိပ်တော့ မပြောတတ်ဘူး။ သတင်းသမားတွေပဲ ဖြစ်ဖြစ် ၊ တခြားဘယ်သူတွေပဲ ဖြစ်ဖြစ် အဲ့ဒီလိုတော့ မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အမှားရှိတာက လူသတ်မှုလည်း မဟုတ်၊ ပြီးရင် သူတို့နစ်နာအောင် ကျမတို့ ဘာမှမလုပ်ထားဘူး။ ပြီးရင် အဲ့သတင်းက တကယ် မြေပြင်မှာ လက်တွေ့ဖြစ်နေတဲ့အရာ၊ သူတို့ငှက်ပျောစိုက်တယ်လို့ ကျမ မရေးထားဘူး။ အဲ့ဒါကြောင့် ကျမဘက်က အများကြီးတော့ ပြောစရာမလိုဘူး။ အကုန်လုံးသိပြီးသားလေ။ 
မေး ။ ။ ကချင်ပြည်နယ်ဘက်မှာ တစ်သျှူးငှက်ပျောပင်တွေ စိုက်ပျိုးနေပြီး တကယ်လုပ်ကိုင်နေတာက ကချင်တိုင်းရင်းသားတွေက အမည်ခံလုပ်ကိုင်နေပြီး နောက်ကွယ်က တရုတ်တွေ လုပ်ကိုင်နေတယ်လို့ သတင်းတွေ ထွက်နေတယ်။ အခုလို့ တစ်သျူးဌက်ပျော သတင်းကြောင့် သတင်းသမားတွေ ထိခိုက်နစ်နာနေတဲ့အပေါ် ဘယ်လိုမြင်မိလဲ။ 
ဖြေ ။ ။ အဲ့ဒါက တစ်သျှူးငှက်ပျောစိုက်တာက အကုန်လုံး သိကြတာ တရုတ်တွေပဲလေ။ တရုတ်တွေ ဝင်လာလို့ပဲ တရုတ်တစ်သျှူးဆိုတာ စိုက်တာ။ ပြီးတော့ အမည်ခံက ဒေသခံ အမည်နဲ့ လုပ်ထားတဲ့ ကုမ္ပဏီတွေက များတယ်။ အဲ့ဒီတော့ ကုမ္ပဏီကိုမေးရင် အကုန်လုံးက သူတို့ တိုင်းရင်းသား ကချင်လူမျိုးတွေပဲ ထွက်လာကြတာပဲ။ တရုတ်တွေက ရုံးရောက်၊ အမှု ရင်ဆိုင်တာတို့ မရှိဖူးဘူး။ အခုအချိန်အထိပါပဲ။ အများစုက ကချင်လူမျိုးတွေ အချင်း ချင်း ရှိနေကြတာ များပါတယ်။ တခြားသတင်းထောက်တွေ ဒီလိုသတင်းတွေ လိုက်မယ် ဆိုရင် တရုတ်ကလုပ်တာ ဆိုတာကိုတော့ ပေါ်လွင်အောင် ရေးစေချင်ပါတယ်။ 

Khit Thit Media

0 comments:

Post a Comment