Thursday, February 28, 2019

ပြည်သူများ အစိုးရရုံးသွားရန် ကြောက်နေမှု မန္တလေးလွှတ်တော်တွင် ဆွေးနွေး


ပြည်သူများ ရုံးကြောက်ရောဂါ ကင်းရှင်းပပျောက်စေရန် ယခုထက်ပိုမိုကောင်းမွန်သည့် မည်သို့သော အစီအစဉ်များဖြင့် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း အမရပူရမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော် ၁၂ ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။ 
ရုံးကြောက်ရောဂါ ဟုဆိုရာတွင် အစိုးရဌာနရုံးများသို့ သွားလာရာတွင် အော်ဟစ်ငေါက်ငမ်းခံရခြင်းအပြင် လာဘ်ထိုးရမှုများရှိနေခြင်းနှင့် ကြိုးနီစနစ်များ ပြားနေခြင်းတို့ကို ဆိုလိုသည်။ 

“ပုဒ်မလေး(ပေးမှလုပ်)ကျင့်သုံးတဲ့ ပုဂ္ဂိုလ်များ၊ အားလုံးတော့ မဟုတ်ပါဘူး။ ပြောင်းလဲဖို့ ကျန်နေသေးတဲ့ တရွတ်တိုက်ဆွဲနေတဲ့ ဌာနများ၊ ပုဂ္ဂိုလ်များ၊ အစိုးရရဲ့ ရှေ့သွားနေတဲ့ အပြောင်းအလဲမှာ ဝိုင်းပြီးတော့ ပြောင်းလဲဖို့အတွက်မေးတာပါ”ဟု အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောဆိုသည်။ 

သာစည်မြို့နယ်အတွင်းရှိ တောင်သူများက လယ်ယာမြေကိစ္စရပ်များ လျှောက်ထားဆောင်ရွက်သည့်အခါ ငွေကြေးတောင်းခံမှုများရှိနေကြောင်း တိုင်ကြားသည့် ကိစ္စများနှင့် အရပ်ဘက်အရာရှိတစ်ဦးက ရဲစခန်းသို့ သွားရောက်အမှုဖွင့်သည့်အခါ အမှုဖွင့်မပေးသည့် ကိစ္စအချို့ကို မေးမြန်းခဲ့သည်ဟု ၎င်းက ဆိုသည်။ 

လယ်ယာမြေပိုင်ဆိုင်ကြောင်း လက်မှတ် (ပုံစံ ၇) နှင့်ပတ်သက်၍ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများအနေဖြင့် ရုံးလုပ်ငန်း ဆောင်ရွက်ပေးသည့်အခါ ကြန့်ကြာမှုများ၊ အခက်အခဲများ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်း လွဲမှားနေသည့် ကိစ္စရပ်များနှင့် ဝန်ထမ်းများဆက်ဆံရေး အဆင်မပြေပါက ယင်းရုံးများ၌ ဆက်သွယ်တိုင်ကြားရမည့် ဖုန်းနံပါတ်များဖော်ပြထားပြီး ချက်ချင်းတိုင်ကြားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြန်လည်ဖြေကြားသည်။ 

“တိုင်ကြားသည့် ကိစ္စများကို လက်ခံဆောင်ရွက်ရန် တိုင်းဒေသကြီးရုံးရှိ ဦးစီးအရာရှိအဆင့်တစ်ဦးကို တာဝန်ပေးထားပါတယ်။ တိုင်ကြားမှုတွေကို ချက်ချင်းတင်ပြစေပြီး ချက်ချင်း စိစစ်ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါတယ်”ဟု ၎င်းက ဆိုသည်။ 

ပြည်သူများအနေဖြင့် လဝက၊ အုပ်ချုပ်ရေး၊ တရားရုံး၊ ရဲစခန်း စသည့်ဌာနဆိုင်ရာသို့ သွားလျှင် မကြောက်ကြရန်နှင့် ဝန်ထမ်းများက ပိုက်ဆံတောင်းခံလာပါက ရဲရဲဝံ့ဝံ့ဖြင့်တိုင်ကြားစေလိုကြောင်း မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင် ကျော်ဦးက ပြောကြားသည်။ 


“အရင်အစိုးရလက်ထက်က တိုင်ရင် အဖမ်းခံရမယ်။ ဒီအစိုးရလက်ထက်မှာ တိုင်လို့ရတယ်။ ပွင့်လင်းမြင်သာစွာ ပြောလို့ရတယ်။ ပြည်သူတွေကို မကြောက်ဖို့ လူထုတွေ့ဆုံပွဲတွေလုပ်တဲ့အခါ ပြောကိုပြောရမယ်။ ပြည်သူတွေ ရုံးမကြောက်ဖို့ ကိုယ်စားလှယ်တွေမှာလည်း တာဝန်ရှိတယ်”ဟု ၎င်းက ပြောကြားသည်။

The Voice 

0 comments:

Post a Comment