Wednesday, February 27, 2019

လွှတ်တော်အဆောက်အဦကို ဒရုန်းဖြင့် မှတ်တမ်းရိုက်ကူးသူ ပြင်သစ်နိုင်ငံသားအား အလုပ်နှင့် ထောင်ဒဏ် ၁ လချမှတ်


နေပြည်တော် လွှတ်တော်ဝင်ပေါက် ကြိုးတံတားအမှတ်(၂)အနီးတွင် ဒရုန်းလွှတ်တင်၍ လွှတ်တော်အဆောက်အဦအနီးဝန်းကျင်ကို ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးခဲ့သူ ပြင်သစ်နိုင်ငံသားအား ဖေဖော်ဝါရီ ၂၇ ရက်တွင် ဥတ္တရသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ လချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ 
ပြင်သစ်နိုင်ငံသား Mr.Desclaux က ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန် ပုဒ်မ ၈ အရ ၎င်း၌ အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်။ အဆိုပါ ပုဒ်မအရ အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်အထိချမှတ်နိုင်သော်လည်း Mr.Desclaux အနေဖြင့် ဒရုန်းသယ်ဆောင်ခွင့်မရှိဆိုခြင်းကိုအမှန်တကယ် မသိရှိခြင်းကြောင့် သက်ညှာသည့်အနေဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ လချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
၎င်းအား ဖမ်းဆီးစဉ်က သိမ်းဆည်းခဲ့သည့် သက်သေခံပစ္စည်းများအနက် စက်ဘီးကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ ဖုန်းနှင့် ဒရုန်းယာဉ်ကိုမူ အပြီးအပြတ် သိမ်းဆည်းမည်ဖြစ်ကြောင်း အမိန့်ချမှတ်ရာ Mr.Desclaux က ၎င်း၏ဖုန်းအတွင်း၌ အရေးကြီး ဖုန်းနံပါတ်များပါရှိကြောင်း တင်ပြခဲ့သည်ဟုဆိုသည်။ 
သို့ရာတွင် တရားသူကြီးက ဖုန်းနှင့် ဒရုန်းအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များပါရှိသဖြင့် ယင်းကဲ့သို့အမိန့်ချမှတ်ရခြင်းဖြစ်ကြောင်း၊ အထက်ရုံးအဆင့်ဆင့်သို့ အယူခံတင်ခွင့်ရှိပါကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။ 
Mr.Desclaux အား အလုပ်နှင့် ထောင်ဒဏ် ၁ လချမှတ်ခြင်းနှင့်ပတ်သက်၍ “တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို အခုက သူတို့က ၁ လဆိုတဲ့အတွက်ကြောင့် နောက်တပတ်မှာ လွတ်မှာပေါ့နော်။ သံရုံးအနေနဲ့ ဘာကို ကျေနပ်မိလဲဆိုတော့ သူကမြန်မာပြည်ထဲကို ဒရုန်းကို ဒီလိုမျိုးယူဆောင်ခွင့်မရှိဘူးဆိုတာကို မသိဘဲနဲ့ ယူဆောင်လာတယ်ဆိုတဲ့ သူရဲ့ စိတ်ရင်းအမှန်ကို တရားရုံးကနေပြီး အသိအမှတ်ပြုပြီးတော့ ဒီလိုဆုံးဖြတ်ချက်ချပေးတဲ့အတွက် သံရုံးက ကျေနပ်မိပါတယ်။ သူ့ရဲ့ ရိုးသားမှု၊ အမှန်အတိုင်းပြောပြမှု အဲဒါတွေကို တရားသူကြီးနေပြီး ထည့်ပြီးစဉ်းစားတဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်ကို ချနိုင်တာပါ။ တကယ်တော့ မြန်မာပြည်ကို ခဏတဖြုတ်အလည်လာတဲ့ တိုးရစ်တယောက်အနေနဲ့ ၁ လအပြစ်ဒဏ်ဆိုတာ အရမ်းများပါတယ်”ဟု တရားခွင်သို့လာရောက်သည့် ပြင်သစ်သံရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။ 
Mr.Desclaux အသက်(၂၇)နှစ် (ဆောက်လုပ်ရေးအင်ဂျင်နီယာ) သည် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ရာဇ ဌာနီ ကားလမ်းတဖက်ခြမ်း၊ လွှတ်တော်ဝင်ပေါက် ကြိုးတံတားအမှတ်(၂) အနီးသို့ စက်ဘီးဖြင့်ရောက်ရှိပြီး DJI အမှတ်တံဆိပ်ပါ ဒရုန်းကို လွှတ်တင်၍ ဓာတ်ပုံ/ဗီဒီယိုမှတ်တမ်းရိုက်ကူးနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ၂၀၁၂ ခုနှစ် ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ 

News Watch

0 comments:

Post a Comment