Wednesday, February 27, 2019

သမ္မတထရမ့်၏ နယ်စပ်အရေးပေါ် ကြေညာချက်ကို ပိတ်ပင်ရန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်


အရေးပေါ်အခြေအနေ ကြေညာ ခြင်းဖြင့် နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေ ရယူမည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးစားမှုကို ပိတ်ပင်သည့် ဆုံးဖြတ်ချက်အား အောက်လွှတ်တော်တွင် အမတ်များက မဲခွဲဆုံးဖြတ်လိုက်ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 
မက္ကဆီကို နယ်စပ်တံတိုင်းအတွက် ရန်ပုံငွေရယူရန် အရေးပေါ်အခြေအနေ ကြေညာခြင်းသည် ဘတ်ဂျက်နှင့် ပတ်သက်သည့် လွှတ်တော်၏ အာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဒီမိုကရက် အမတ်များက ပြောကြားသည်။ သမ္မတ၏ အမိန့်ကို ပိတ်ဆို့သည့် ဥပဒေကြမ်းသည် ရီပတ်ဘလစ်ကန်အမတ်များ ကြီးစိုးထားသည့် ဆီးနိတ်လွှတ်တော်တွင် အကြိတ်အနယ် ကန့်ကွက်မှုကို ရင်ဆိုင်ရမည်ဖြစ်သည့်အပြင် သမ္မတ၏ ဗီတိုဖြင့် ပယ်ချခံရဖွယ် ရှိနေသည်။ 

မက္ကဆီကို နယ်စပ်တွင် တံတိုင်းဆောက်ရန်အတွက် ဒေါ်လာဘီလီယံများစွာ ရယူမည့် သမ္မတထရမ့်အား တားဆီးရန် ရည်ရွယ်သည့် ဥပဒေကြမ်းကို ဒီမိုကရက်များ ကြီးစိုးသည့် အောက်လွှတ်တော်တွင် ၂၄၅ မဲ- ၁၈၂ မဲဖြင့် အတည်ပြုခဲ့သည်။ 

ဒီမိုကရက်အမတ်များ ယခင်အပတ်က အဆိုပြုခဲ့သည့် ဥပဒေကြမ်းကို ထောက်ခံသော ရီပတ်ဘလစ်ကန်အမတ် ၁၃ ဦး ရှိခဲ့သည်။ အောက်လွှတ်တော်တွင် ဒီမိုကရက်အမတ်များ အတည်ပြုလိုက်ကြသော ယင်းဥပဒေသည် ယခုအခါ ရီပတ်ဘလစ်ကန်များ ကြီးစိုးထားသည့် အထက်လွှတ်တော် ဆီးနိတ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ဆီးနိတ်တွင် အတည်ပြုနိုင်မည့် အလားအလာမှာ သေချာရေရာမှု မရှိပေ။ 

အဆိုပါ ဥပဒေကြမ်း အတည်ပြု လက်မှတ်ထိုးရန် စားပွဲပေါ် ရောက်လာပါက ဗီတိုဖြင့် ပယ်ချမည်ဟု သမ္မတထရမ့်က ကြုံးဝါးထားသည်။ သမ္မတ၏ ဗီတိုကို ကျော်လွှားရန် လွှတ်တော်နှစ်ရပ်စလုံးတွင် သုံးပုံနှစ်ပုံ ထောက်ခံမှုကို လိုအပ်ရာ ထိုလိုအပ်ချက် ပြည့်မှီရန် မဖြစ်နိုင်ပေ။ 

မက္ကဆီကိုနယ်စပ်တစ်လျှောက် လုံခြုံရေးနှင့် လူသားခြင်းစာနာမှု ပြဿနာများအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အဆိုပါ နယ်စပ်တံတိုင်းကို လိုအပ်သည်ဟု သမ္မတထရမ့်နှင့် ရီပတ်ဘလစ်ကန်အမတ်များက ပြောဆိုထားသည်။ 

အခြားကဏ္ဍများအတွက် ခွဲတမ်းပေးထားသော ဖက်ဒရယ်ရံပုံငွေများကို တံတိုင်းအတွက် ယူသုံးနိုင်ရန် အရေးပေါ်အခြေအနေ ကြေညာခြင်းသည် အခြေခံဥပဒေက အပ်နှင်းထားသောလွှတ်တော်၏ အာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဒီမိုကရက်အမတ်များက ပြောကြားသည်။ 

သမ္မတထရမ့်သည် နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံတောင်းခံထားသော်လည်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံနီးပါးသာ ခွင့်ပြုချက် ရရှိခဲ့ပြီးနောက် ဖေဖော် ဝါရီလ ၁၅ ရက်တွင် အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။ 

ထိုသို့ အရေးပေါ် အခြေအနေ ကြေညာခြင်းအားဖြင့် စစ်ဖက်စီမံကိန်းများအတွက် ခွဲတမ်းပေးထားသည့် ပင်တဂွန် ဘတ်ဂျက်ထဲမှ ဒေါ်လာဘီလီယံများစွာ ကို နယ်စပ်တံတိုင်းအတွက် ယူငင်သုံးစွဲခွင့် ရရှိရန် သမ္မတထရမ့် အစိုးရက စီစဉ်ထားသည်။

The Voice

0 comments:

Post a Comment