Thursday, February 28, 2019

မြန်မာနိုင်ငံမှ ဒုက္ခသည်တွေကို ကြာကြာလက်ခံထားနိုင်မှာ မဟုတ်တော့ဟု ကုလတွင် ဘင်္ဂလားဒေ့ရှ်ပြောဆို


မြန်မာနိုင်ငံမှ ဒုက္ခသည်တွေကို ကြာကြာလက်ခံထားနိုင်မှာ မဟုတ်တော့ဘူးလို့ ကြာသပတေးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ကြောင်း သိရပါတယ်။ 
  
လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန် ရှာဟီဒူလ် ဟာကွေး က ပြောဆိုရာမှာ ၎င်းရဲ့နိုင်ငံမှာ ခိုလှုံခွင့်ပေးထားတဲ့ သိန်းချီတဲ့ ဘင်္ဂါလီတွေ နေရပ်ပြန်ပို့ရေး အကျပ်အတည်းဟာ ဆိုးရာကနေ အဆိုးဆုံးအနေအထား ဖြစ်သွားကြောင်း၊ ယင်း ကိစ္စအတွက် ကောင်စီအနေနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ပေးဖို့ တိုက်တွန်းကြောင်း ဆိုခဲ့ပါတယ်။ 
  
“ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံမှ များစွာသောလူတွေကို ကြာကြာ လက်ခံထားနိုင်တဲ့ အနေအထားမရှိပါဘူး၊ ကောင်စီကို ဒီလိုအသိပေးရတဲ့အတွက်လည်း စိတ်မကောင်းပါဘူး” လို့ ဟာကွေးက ပြောခဲ့ပါတယ်။ 

ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သဘောတူညီချက် ရရှိထားခဲ့သော်လည်းပဲ ဘင်္ဂါလီတွေ လုံခြုံဘေးကင်းစွာ နေရပ်ပြန်နိုင်တဲ့ အခြေအနေမျိုး မရှိသေးဘူးလို့ ကုလသမဂ္ဂက ပြောဆိုထားခဲ့ပါတယ်။ “အိမ်နီးချင်း နိုင်ငံတစ်ခုမှ ဖိစီးနှိပ်စက်ခံခဲ့ရတဲ့ လူနည်းစု လူ့အသိုင်းအဝိုင်းတစ်ခုအပေါ် မျှေဝ ခံစားမှုပြသကာ တာဝန်ယူ တာဝန်ခံပေးနေရင်း ဘင်္ဂလားဒေ့ရှ်က ပေးဆပ်နေရမှာလား” လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန်က မေးခွန်းထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ၅ ကြိမ်ရှိပြီဖြစ်တဲ့ ကုလသံတမန် ခရစ္စတင်း ချရန်နာ ဘာဂျန်နာ က ဘင်္ဂါလီတွေနေရပ်ပြန်ရေး အထောက်အကူဖြစ်မယ့် လုပ်ဆောင်ချက် တွေဟာ တိုးတက်မှုနှေးကွေးနေကြောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံဟာ နောက်နှစ်မှာ ရွေးကောက်ပွဲ လုပ်ဖို့ရှိတာကြောင့် အကျပ်အတည်း ပိုဆိုးဝါးသွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ 
  
မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ မိမိတို့အစိုးရအနေနဲ့ လုပ်ဆောင်စရာရှိသူများကို လုပ်ဆောင်နေကြောင်းနဲ့ စိတ်ရှည်သည်းခံပေးဖို့ ပန်ကြား ခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုလင်း (အကုန်သိ သတင်းဌာန) | Ref: CNA


0 comments:

Post a Comment