Wednesday, February 27, 2019

အင်ဒိုနီးရှားတွင် တရားမဝင် ရွှေတွင်းပြိုကျ၊သုံးဦး သေဆုံးပြီး ၆၀ ပိတ်မိ


အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းတွင် တရားမဝင်ရွှေတူးဖော်သော မိုင်းတွင်းပြိုကျမှုကြောင့် အနည်းဆုံးသုံးဦး သေဆုံးခဲ့ပြီး ပိတ်မိနေသော လူ ၆၀ ကျော်ကို ကယ်ထုတ်နိုင်ရန်အတွက် ကယ်ဆယ်ရေး လုပ်သားများက ဂေါ်ပြားများ၊ ကြိုးများ အသုံးပြုကာ ကြိုးစားနေကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 
ဆူလာဝေဆီကျွန်း ဘိုလန်းမွန်ဂွန်ဒေါ ဒေသရှိ ရွှံ့နွံထူထပ်သော တောင်စောင်းတွင် တူးဖောက်ထားသော လက်ဖြစ်တွင်းများထဲတွင် ပိတ်မိနေသူများ၏ အသံကို ကြားနေရပြီး များစွာ အသက်ရှင်နေဆဲ ဖြစ်သည်ဟုယုံကြည်ရကြောင်း ကယ်ဆယ်ရေးလုပ်သားများက ပြောကြားသည်။ 

“ရွှံ့တွေထဲမှာ လိုဏ်ခေါင်းလို နေရာတွေရှိနေပြီး လေဝင်လေထွက် ရှိနေပုံရတယ်။ သူတို့ရဲ့ အသံတွေကို ကြားရတဲ့အတွက် အသက်ရှင်နေသူများစွာ ရှိနေဆဲဖြစ်တယ်လို့ သိရှိနိုင်တယ်”ဟု အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ အဗ္ဗဒူမွန်းပါပူတန်ဂန်က ပြောကြားသည်။ 

အင်္ဂါနေ့ညနေပိုင်းတွင် မိုင်းတွင်း ပြိုကျခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ နံနက် ၈းဝ၀ နာရီတွင် သေဆုံးသူသုံးဦး၏ အလောင်းကို တွေ့ရှိထားပြီး ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများနှင့် မီဒီယာသတင်းများက ပြောကြားသည်။ 

ယင်းကဲ့သို့ တရားမဝင် လက်တူးရွှေတွင်းများကို အင်ဒိုနီးရှားအစိုးရက ပိတ်ပင်ထားသော်လည်း ဝေးလံခက်ခဲသော ဒေသများတွင် ဒေသအာဏာပိုင်များက မသိဟန်ဆောင်ကာ ခွင့်ပြုထားကြခြင်းဖြစ်သည်။ 

ယင်းမိုင်းတွင်းများသည် စည်းမျဉ်း စည်းကမ်း မရှိသလောက် ဖြစ်သောကြောင့် အတော်တဆမှု ဖြစ်ပွားနိုင်ချေ မြင့်မားသည်။ 

ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရန်အတွက် ကယ်ဆယ်ရေးလုပ်သားများနှင့် စစ်သားများ အတူတကွ ကြိုးစားနေကြသော်လည်း အဆိုပါ ရွှေတွင်းပြိုကျ သောနေရာတွင် မြေပြိုနိုင်သည့် အန္တရာယ် ရှိနေဆဲဖြစ်သောကြောင့် စက်ယန္တရား မသုံးနိုင်ပဲ ဂေါ်ပြားနှင့် ကြိုးကဲ့သို့သော သာမန်ပစ္စည်းများကို အသုံးပြုနေရသည့် အကန့်အသတ်ရှိနေသည်ဟု ပါပူတန်ဂန်က ပြောကြားသည်။ 

ဘေးသင့်ခဲ့သူများ၏ မိသားစုများသည် မိုင်းတွင်းအနီးတွင် စုဝေးရောက်ရှိနေပြီး သတင်းကို စောင့်ဆိုင်းနေကြသည်ဟု သိရှိရသည်။

ကယ်ဆယ်ရေးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် အသက်ရှင်သူများကို ကယ်ဆယ်ရေးလုပ်သားများက ညတွင်းချင်း ဆွဲထုတ်ကာ ထမ်းစင်များဖြင့် သယ်ယူနေသည်ကို တွေ့မြင်ရသည်။ 

မိုင်းတွင်းအတွင်း ထောက်ကန်ထားသော ထုတ်တန်းများနှင့် မျက်နှာကျက်တန်းများ ရုတ်တရက် ကျိုးကျသွားချိန်တွင် မိုင်းတွင်းအတွင်း ရွှေတူးနေသူ အမြောက်အများ ရှိနေခဲ့သည်ဟု သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နူဂရိုဟိုက ပြောကြားသည်။ 

“လူတွေအများကြီး ပိတ်မိနေတယ်လို့ ခန့်မှန်းရတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညတွင်းချင်း လုပ်ဆောင်ခဲ့ပါတယ်”ဟု နူဂရူဟိုက ပြောကြားသည်။

The Voice

0 comments:

Post a Comment