Thursday, February 28, 2019

ဗင်နီဇွဲလားတွင် အမေရိကန်တို့ ထောက်လှမ်းရေးလေယာဉ်တွေ ပိုတိုးချထားဟု ကာကွယ်ရေးအရာရှိများ ပြော


အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ထဲမှာ တာဝန်ချထားတဲ့ ထောက်လှမ်းရေး လေယာဉ်အရေအတွက်ကို ယခင်ကထက် ပိုတိုးချထားခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိနှစ်ဦးက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ 
၎င်းလေယာဉ်တွေရဲ့အချက်အလက်ကို အသေးစိတ်မဖေါ်ပြခဲ့ပေမယ့် တောင်ပံသေ စစ်လေယာဉ် အကြီးစားအချို့ ပါဝင်နေပြီး ဗင်နီဇွဲလားနိုင်ငံနဲ့စစ်တပ်ရဲ့ အခြေအနေနဲ့ဆက်သွယ်ရေးတွေကို ထောက်လှမ်း၊ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာလေပိုင်နက်ထဲကနေ လှမ်းပြီး ထောက်လှမ်းရတာဖြစ်တဲ့အတွက် ခရီးသိပ်မတွင်လှဘူးလို့ ၄င်းအရာရှိတွေက ဆိုပါတယ်။ 

ဗင်နီဇွဲလားအရေးအခင်းမှာ စစ်ရေးနည်းဖြင့် ဝင်စွက်ဖက်သင့်ရင် စွက်ဖက်မယ်လို့ သမ္မတထရမ့်က ပြောကြားခဲ့ပေမယ့် စစ်အရာရှိအချို့ကတော့ အမေရိကန်အနေဖြင့် လောလောဆယ်မှာ ထိုသို့စွက်ဖက်ရန် ဦးစားပေးစဉ်းစားထားခြင်းမရှိဘူးလို့ပဲ ပြောနေပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားရှိ အမေရိကန် ပိုင်ဆိုင်မှု၊ လူနဲ့ သံရုံးတို့ တိုက်ခိုက်ခံရပါက လက်တုံ့ပြန်ရန် အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ 
ဗင်နီဇွဲလားသမ္မတ မာဒူရိုးကို အတိုက်အခံခေါင်းဆောင်ဂွိုင်ဒို က ဖီဆန်ပြီး ကြားဖြတ်သမ္မတအဖြစ် တက်လာချိန်ကတည်းက ဗင်နီဇွဲလားအရေးအခင်းဟာ အရှိန်တက်သွားခဲ့ပါတယ်။ 

ဂွိုင်ဒိုက နိုင်ငံမှာ အစားအစာနဲ့ဆေးဝါးတွေ အလွန်ရှားပါးနေတာကြောင့် ပြည်ပမှ အကူအညီများပေးကြရန် တောင်းခံခဲ့ပါတယ်။ မာဒူရိုးကတော့ ထိုသို့အကြပ်အတည်းမျိုး ကြုံနေရခြင်းမရှိကြောင်း ငြင်းဆိုကာ အကူအညီတွေကို ပိတ်ဆို့ထားပါတယ်။ ဒါ့ပြင် ၄င်းတို့ အစိုးရကိုဖြုတ်ချရန် ဂွိုင်ဒိုနဲ့အမေရိကန်တို့ပေါင်းကြံကာ အကူအညီများ အတင်းလာပို့ခြင်းဟု စွပ်စွဲပါတယ်။ 

ZHO (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment