Wednesday, February 27, 2019

မြန်မာ့ပထမဆုံး ကားလေလံပွဲ လုပ်မည်

ပြည်တွင်းအွန်လိုင်းကားရောင်း ဝယ်ရေးဝက်ဘ်ဆိုက် CarsDB နှင့် Toyota Group ၏ Toyota Tsusho တို့ပူးပေါင်း၍ မော်တော်ယာဉ်လေလံပွဲ ၂၀၁၉ (Auto Auction Fair 2019) ကို ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း၌ မတ်လ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း CarsDB ထံမှ သိရသည်။ 
အဆိုပါလေလံပွဲသည် မြန်မာနိုင်ငံ၌ ပထမဆုံးအနေနှင့် အကြီးမားဆုံးကား လေလံပွဲတစ်ခုအဖြစ် ကျင်းပခြင်းဖြစ်ပြီး လေလံတင်လိုသည့် မည်သည့်ကားအမျိုး အစားကိုမဆို စိတ်ကြိုက်ဈေးဖြင့် ဝယ်ယူသူများထံ ရောင်းချမည့်အပြင် ဝယ်ယူသူများအနေနှင့်လည်း ကားများကို ကြမ်းခင်းဈေးမှစတင်၍ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ 

အဆိုပါလေလံပွဲကို ကားထုတ်လုပ်ရေးလောကတွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ကျင်လည်နေသည့် Toyota Tsusho ၏ နည်းပညာဖြင့် စစ်ဆေး၍ လေလံတင်မည် ဖြစ်ပြီး Tsusho ၏ လေလံစနစ်နှင့် CarsDB ၏ အွန်လိုင်းလေလံစနစ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ဆိုသည်။ 

ယခုပွဲနှင့်ပတ်သက်၍ ပြည်တွင်း ကားလုပ်ငန်းရှင်များက စိတ်ဝင်စားနေကြပြီး ယင်းပွဲတွင်ပါဝင်ရန် ပြင်ဆင်နေကြောင်း ကားလုပ်ငန်းရှင်အချို့က ဆိုသည်။ 

“ကောင်းပါတယ်။ ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ အရင်က လေလံဆိုတာ ဂျပန်မှာပဲရှိတာပေါ့။ အခုတော့ မြန်မာနိုင်ငံထဲရောက်လာတော့ ဝယ်သူအတွက်ရော ရောင်းသူအတွက်ရော လမ်းကြောင်းတစ်ခု ရသွားတာပေါ့။ အရင်တုန်းကတော့ ဆာကူရာ (ဆာကူရာ ကားအရောင်းစင်တာ) ကတော့ တစ်ခါလုပ်ဖူးတယ်”ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

The Voice

0 comments:

Post a Comment