Wednesday, February 27, 2019

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ သုံးသန်းကျော်ရှိ၊ ကိုယ်စားလှယ်လောင်းများ ယနေ့ မဲဆွယ်ခွင့်ရမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်ရှိ မဲရုံများ၌ ဆန္ဒမဲပေးခွင့်ရှိသူ ၃ ဒသမ ၄ သန်းရှိပြီး ကိုယ်စားလှယ်လောင်းများအနေနှင့် ဖေဖော်ဝါရီလ ၂၈ ရက် (ယနေ့) မှစ၍ မဲဆွယ်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဇင်မင်းလှိုင်က ပြောကြားသည်။
ဆန္ဒမဲပေးခွင့်ရှိသူစာရင်းကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စု စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ကြေညာပေးထားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများကို သွားရောက်စစ်ဆေးပြီး အမည်မပါဝင်ပါက ဖြည့်စွက်ခြင်း၊ အချက်အလက်မှားယွင်းနေပါက ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမည်ဖြစ်ပြီး စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ်၌ မဲရုံပေါင်း ၃၆၀၀ ကျော်ထားရှိသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်က အသပေးထားသည်။
မဲရုံတစ်ရုံ၌ မဲပုံးလေးပုံးထားရှိပေးမည်ဖြစ်ရာ ကော်မတီဝင်နေရာအတွက် မဲပုံးတစ်ပုံး၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ နေရာအတွက် တစ်ပုံး၊ အဖွဲ့ဝင် - ၁ နေရာအတွက် တစ်ပုံး၊ အဖွဲ့ဝင် - ၂ နေရာအတွက် တစ်ပုံး ထားရှိမည်ဖြစ်သည်။
စည်ပင်ကိုယ်စားလှယ်လောင်းများအနေနှင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ မဲဆွယ်ခွင့်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေနှင့်ညီညွှတ်သူ ကိုယ်စားလှယ်လောင်း ၂၇၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားကြောင်း ဦးဇင်မင်းလှိုင်က ထပ်လောင်းပြောဆိုသည်။
စည်ပင်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုယှဉ်ပြိုင်သူ ၄၂ ဦးနှင့် USDP ပါတီကိုယ်စားပြုယှဉ်ပြိုင်သူ ၂၇ ဦးတို့က ပါတီပုံရိပ်ဖြင့်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ၂၀၆ ဦးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်မထံမှ ထပ်မံ သိရသည်။

The Voice

0 comments:

Post a Comment