Wednesday, February 27, 2019

ပြည်နယ်အစိုးရက ရွှေလုပ်ကွက်များ တရားဝင်စခွင့်ပြု


NLD အစိုးရလက်ထက်တွင် သယံဇာတထုတ်ယူရေးလုပ်ငန်းများကို ပြန်လည်ဖြေလျော့ပေးလိုက်ပြီး နောက်ပိုင်း ကချင်ပြည်နယ်အစိုးရက မြို့နယ်ခြောက်ခုရှိ ရွှေလုပ်ကွက်များကို တရားဝင်လုပ်ကိုင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ 
ကချင်ပြည်နယ်အတွင်း သတ္တုတွင်းဦးစီးဌာန၊ ပြည်နယ်လုပ်ကွက်စိစစ်ချထား ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ အသေးစားနှင့် လက်လုပ်လက်စားရွှေလုပ်ကွက်များကို သတ္တုတွင်းနည်းဥပဒေအရ ယခုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းလည်း ဖြစ်သည်။ 

ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ မိုးမောက်၊ ရွှေကူနှင့် ရှင်ဗွေယန်မြို့နယ်တို့တွင် အသေးစားရွှေလုပ်ကွက် ၅၈ ကွက်နှင့် လက်လုပ်လက်စားလုပ်ကွက်နှစ်ကွက်တို့ အတွက် ကုမ္ပဏီ ၁၈ ခုကို ခွင့်ပြုမိန့်ပေးထားကြောင်း ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ဆိုသည်။ 

အဆိုပါ ခွင့်ပြုမိန့်ရရှိသည့် ကုမ္ပဏီများသည် ပထမကာလတွင် ငါးနှစ်၊ ဒုတိယကာလတွင် ငါးနှစ် စုစုပေါင်းလုပ်ကိုင်ခွင့် သက်တမ်း ၁၀ နှစ်ထိ ရရှိမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရထံမှ သိရသည်။ 

သဘာဝဘေးအန္တရာယ်နှင့် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအပါအဝင် ခိုင်လုံသော အကြောင်းပြချက် မပါဘဲ ဓာတ်သတ္တုထုတ်လုပ်မှုပျက်ကွက်ပါက ဓာတ်သတ္တု အသေးစားခွင့်ပြုမိန့်ပျက်ပြယ်မည်ဖြစ်ကြောင်း သတ္တုတွင်းနည်းဥပဒေတွင် ဖော်ပြထားသည်။ 

The Voice Journal

0 comments:

Post a Comment