Thursday, February 28, 2019

နိုင်ငံရေးသည် တစ်ခါတလေ မူယာမာယာများတတ်သည်ဟု သူရဦးရွှေမန်းပြောကြား


နိုင်ငံရေးဆိုသည်မှာ ကျယ်ပြန့်သိမ်မွေ့ကြောင်းနှင့် တစ်ခါတလေမှာလည်း မူယာမာယာ များတတ်သည်ဟု အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ 
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အား သက်တမ်းတစ်နှစ် တိုးမြှင့်ခြင်းကို လွှတ်တော်က အတည်မပြုကြောင်း ယနေ့ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာများက အထူးကော်မရှင်ရုံးခန်းသို့ သွားရောက်ကာ သူရဦးရွှေမန်းအား တွေ့ဆုံမေးမြန်းရာတွင် သတင်းထောက် တစ်ဦးက အထူးကော်မရှင်ဥက္ကဋ္ဌ အနေဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ကြိုတင် မသိရှိထားသလို ညှိနှိုင်းမှုလည်း မရှိသည့်အတွက် ဘယ်လို ခံစားမိပါသလဲဟု မေးမြန်းခြင်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

သူရဦးရွှေမန်း က `ဒါတွေကတော့ တစ်ခါတစ်ခါမှာတော့ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ နိုင်ငံရေးဆိုတာက အင်မတန်မှ ကျယ်ပြန့်ပါတယ်။ သိမ်မွေ့ပါတယ်။ တစ်ခါတစ်ခါမှာလည်း မူယာမာယာတွေ များတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဖြစ်လေ့ဖြစ်ထ ကိစ္စတစ်ခုပဲလို့ မှတ်ယူပါတယ်` ဟု ပြောကြားသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ထားနိုင်သူ သူရဦးရွှေမန်းသည် ယခုအချိန်မှလည်း အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆက်ဆံရေးမှာ ပုံမှန်အတိုင်း ဖြစ်သည်ဟု သတင်းမီဒီယာများကို ပြောကြားသွားသည်။ 

ပြီးခဲ့သည့် နှစ်များမှာတော့ အထူးကော်မရှင်ကို သက်တမ်းတိုးရန် ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြပေမယ့် ထောက်ခံမဲများ သောကြောင့် သက်တမ်းတိုးရန် အတည်ပြုနိုင်ခဲ့သည်။ 
ယခု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် သက်တမ်းသုံးနှစ်ပြည့်အပြီး ထပ်မံသက်တမ်းတိုးရန် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်သည့်အခါ ကန့်ကွက်မဲ ၅၅၅ မဲနှင့် ထောက်ခံမဲ ၂၀ သာ ရရှိခဲ့သည့်အတွက် ကော်မရှင် သက်တမ်းတိုးမြှင့် မှုကို အတည်မပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ကြေညာခဲ့ခြင်း ဖြစ်သည်။ 

အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment