Wednesday, February 27, 2019

ရုရှားဆိုက်ဘာလုံခြုံရေး အကြီးအကဲဟောင်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်၂၂ နှစ် ချမှတ်ခံရ


ရုရှားဆိုက်ဘာလုံခြုံရေးဌာန အကြီးအကဲဟောင်းနှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်း အမှုဆောင်တစ်ဦးတို့ကို ရုရှားစစ်ခုံရုံးက နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်လိုက်သည်။ 
ရုရှားနိုင်ငံတော်လုံခြုံရေးဌာန (အက်ဖ်အက်စ်ဘီ) အရာရှိဟောင်း ကာနယ် ဆာဂေးမီခေးလော့ဗ်နှင့် ကက်စ်ပါစကီဆိုက်ဘာလုံခြုံရေးကုမ္ပဏီ အမှုဆောင်အရာရှိ ရူဆလန် စတိုယာနော့ဗ်တို့ကို စစ်ခုံရုံး၌ လပေါင်းများစွာ တံခါးပိတ်စစ်ဆေးပြီးနောက် ဖေဖော်ဝါရီ ၂၆ တွင် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ 
ကာနယ်မီခေးလော့ဗ်သည် ရုရှားပြည်တွင်းလုံခြုံရေး ဆိုက်ဘာထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲဖြစ်ပြီး ထောင်ဒဏ် ၂၂ နှစ်ချမှတ်ခံရကာ၊ စစ်ဘက်ရာထူးနှင့် ဆုတံဆိပ်များလည်း ရုပ်သိမ်းခံခဲ့ရသည်။ 
စတိုယာနော့ဗ်ကိုလည်း ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ ရုရှား စီးပွားရေးလုပ်ငန်းရှင် ပါဗယ်ဘရူဘလက်စကီကို စုံစမ်းစစ်ဆေးထားသည့် အက်ဖ်အက်စ်ဘီမှတ်တမ်းများကို ကာနယ် မီခေးလော့ဗ်က စတိုယာနော့ဗ်ကို ဆက်သွယ်ကာ ပေးအပ်ခဲ့ပြီး ထိုမှတစ်ဆင့် အက်ဖ်ဘီအိုင်နှင့် အဆက်အသွယ်ရှိသူတစ်ဦးထံ လွှဲပြောင်းပေးခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ 
စီရင်ချက်အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း စတိုယာနော့ဗ်၏ ရှေ့နေ အင်ဂါလီဗီဒီဗာက ပြောသည်။ 
မီခေးလော့ဗ်၏ တရားရေးဝန်ဆောင်မှုအဖွဲ့သည်လည်း အလားတူ အယူခံဝင်မည်ဟု မျှော်လင့်ကြောင်း မစ္စလီဗီဒီဗာက ပြောသည်။ 
မီခေးနော့ဗ်သည် ၂၀၁၆ ဒီဇင်ဘာတွင် အက်ဖ်အက်စ်ဘီ အရာရှိများ တွေ့ဆုံပွဲ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ စတိုယာနော့ဗ်နှင့်အတူ တစ်လတည်းတွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခံရခြင်း ဖြစ်သည်။ 

The Myanmar Times Daily Newspaper

0 comments:

Post a Comment