Thursday, February 28, 2019

အေအေတပ်ဖွဲ့၏ မိုင်းခွဲပစ်ခတ်မှုကြောင့် ရဲ ၂ ဦး ကျဆုံးဟု ရဲတပ်ဖွဲ့အတည်ပြု


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာ အေအေအဖွဲ့က ရဲတပ်ဖွဲ့ ယာဉ်တန်းကို မိုင်းထောင်ဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။ 
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကနေ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို ပြန်လည်အပ်နှံလွှဲပြောင်းဖို့ သွားရောက်တဲ့ ရဲတပ်ဖွဲ့ပိုင် Double Cab မော်တော်ယာဉ် ၃ စီးနဲ့ ယာဉ်လိုင်စင်စစ်ဆေးဖို့ စစ်တွေမြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ပို့ဆောင်မယ့် Mark II အဖြူရောင်ယာဉ် ၁ စီး စုစုပေါင်း ၄ စီးအား ရဲတပ်ဖွဲ့ဝင် ၄ ဦးက မောင်းနှင်လာစဉ် မိုင်းထောင်ဖောက်ခွဲခံရတာလို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ 

ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာနဲ့ ပန်းနီလာကျေးရွာကြား ရန်ကုန်-စစ်တွေကားလမ်းမိုင်တိုင်အမှတ် ၁၆၅ အနီးအရောက် အေအေအဖွဲ့က ယာဉ်တွေကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ငယ် ကျည်ဆန်ထိမှန်ကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

DVB

0 comments:

Post a Comment